ငါမရှိတဲ့ကမ္ဘာဟာ ဘုရားဟောခဲ့တဲ့ ချမ်းသာခြင်းတရားပဲ
****************************************[ Kသာမိုး(မန်းမြေ) ]
ငါမရှိတဲ့ကမ္ဘာဟာ ဘုရားဟောတဲ့
ချမ်းသာခြင်းတရားပဲ
ငါဟာ ဆန်ကုန်မြေလေး
နှင်းတွေပိတ်နေတဲ့ဥတုမှာတောင်
ငါဟာ နွေလိုပူတယ်။
စိတ်တံခါးချပ်တွေတွန်းဖွင့်ပြီး ဘော်ငွေရောင်ကောင်းကင်ကို
ရူးမိုက်ချင်ခဲ့တာ
နှုတ်နဲ့သတ်တဲ့ လမ်းမှာတင်
ငါဟာ ငါ့အမည်နာမကိုအော်ဟစ်
ဒီလိုနဲ့ပဲ စိတ်ဟာပြာကျသွားခဲ့ရ။
နေ့တစ်နေ့မှာ အလင်းသစ်တစ်ခုနဲ့
ဘယ်သူမဆို ပျံသန်းနိုင်ရဲ့။
ချစ်၊ မုန်း၊ ရှုံး တရား ကျောမှာပိုးလို့
မရဏနှုတ်ခမ်းဝအထိ
ငါဟာ အလည်ရောက်ခဲ့ပြီးပြီ။
ငါ့စိတ်ကိုငါသတ် သေခဲ့ရတဲ့နေ့တွေမှာ
ခြစားနေတဲ့သိက္ခာ ဘုရားထုကိုးကွယ်ရင်း
မဟာပရိနိဗ္ဗာနသုတ်ကို အဖန်တလဲလဲရွတ်ဆိုမိခဲ့။
နေဟာ ပျော်ရွှင်ခြင်းဖြစ်တယ်။
ငါဟာ ညိုမှိုင်းရင့်ရော်နေတဲ့
သစ်သီးတစ်လုံးသာ ဖြစ်တယ်။
ငါ့အရိပ်ဟာ
သစ်ဆွေးမြေနဲ့တူတဲ့ ကဗျာတစ်ပုဒ်ဖြစ်ရဲ့။
သံကွန်ချာ ၇ ထပ်အုပ်ထားတဲ့ကမ္ဘာဟာ
ငါရပ်တည်နေတဲ့ ကလောင်ဖြစ်သလို
ငါမရှိတဲ့ကမ္ဘာဟာ ဘုရားဟောခဲ့တဲ့
ချမ်းသာခြင်းတရား အစစ်မှန်သာဖြစ်ပါစေတော့။
Kသာမိုး(မန်းမြေ)
27/12/2K19