Oct 31, 2018

ဒီကဗျာဖတ်ပြီး မငိုပါနဲ့မိမာယာ

ဒီကဗျာဖတ်ပြီး မငိုပါနဲ့မိမာယာ
~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

နှုတ်ဆက်နှုတ်ခမ်း
ခါးသီးတဲ့ မျက်ရည်စီးကြောင်းများစွာ
ရင်ကွဲပက်လက်လမ်းဆုံ
သစ္စာပန်းတွေ ကြွေတဲ့နေ့စွဲ
ကြေကွဲမှန်တစ်ချပ်က
ရင်ကို စူးစေ

မငိုပါနဲ့ မိမာယာ
ငါဒီကဗျာရွတ်သံကြားရင် နင်မငိုပါနဲ့

နင်မရှိတော့တဲ့ အရပ်
ခိုဝင်သူမဲ့ ရင်တစ်စုံ
ဆောင်းနံနက်မှာ ချမ်းခိုက်တုန်ရီ
ဒဏ်ရာအထပ်ထပ် နှလုံးသားတစ်စုံဟာ
အေးခဲနေဆဲ

ရွက်သစ်မဝေတဲ့ လမ်းကလေး
မြူနှင်းတမျှ အေးမြတဲ့လက်တစ်စုံ
မငိုပါနဲ့ မိမာယာ
ဒါဟာ
နိုးတစ်ဝက် အိပ်တစ်ဝက်
မက်ခဲ့ရတဲ့ အိပ်မက်တွေသာဖြစ်ခဲ့ရ

ဆွေးပါရစေ
လမ်းခွဲခြင်း ဆုံမှတ်မှာ
အရိုးတွေ အပြိုင်းအရိုင်းထ
စီးဆင်းမှုကင်းမဲ့ ပင်လယ်သေကို
အကြိမ်ကြိမ်အခါခါ
ငါ လက်ပစ်ကူးနေရဆဲ

အချစ်အသစ်တွေ ရေလောင်းပေါင်းသင်
သစ္စာပန်းတွေ ထပ်ကာစိုက်ပျိုးလဲ
မရှင်သန်နိုင်တဲ့ အိပ်မက်အသေကြီးကို
ရူးရူးမိုက်မိုက် ဖက်တွယ်ထားမိခဲ့သူပါမိမာယာ

ကြားဖူးနားဝ လှိုင်းသံတွေပဲ့တင်ဆဲ
မီးဖိုခန်းရဲ့ ထမင်းစားပွဲလေးပေါ်
ပုံရိပ်ယောင်တွေ ပျံ့လွင့်
ဆင်တူလက်စွပ်လေးက အရောင်လွင့်ပြယ်
ပန်းရောင်အင်္ကျီလေးလဲ အဖော်မဲ့
တမ်းတမိတဲ့ ဝမ်းနည်းပက်လက်အနမ်းတစ်စုံ
နှင်းဆီဝိုင်ရဲ့ နောက်ကြောင်း
သောက်မိတော့ မက်မပြေ
အစဉ်သာရင်မှာ ခါးခဲ့ရ

နမ်းခွင့်မပေးတဲ့ ကံကြမ္မာ
လွမ်းခွင့်တော့ ပေးပါ
ညနံရံမှာ ယမကာသောက်ပြီး
နင့်စကားတွေ အန်ချပြမယ်
ကြားမိက မငိုပါနဲ့

မငိုပါနဲ့ မိမာယာ
ငါ.......
ဒီကဗျာရွတ်နေသံကြားရင်
နင်.......
မငိုပါနဲ့.....
မငိုပါနဲ့.....
နင်........
မငိုပါစေနဲ့ မိမာယာ.....

Kသာမိုး(မန်းမြေ)
31/10/2018(6:49 pm)

Oct 27, 2018

ဒီဇင်ဘာမှာ ပြိုတဲ့မိုး

ဒီဇင်ဘာမှာ ပြိုတဲ့မိုး
~~~~~~~~~~~~Kသာမိုး(မန်းမြေ)

နှင်းမှုန်မွှား နံနက်ခင်းအကြောင်း
ရေးထားတဲ့ မျက်ရည်လည်ရွှဲဒိုင်ယာရီတစ်ပုဒ်
အလွမ်းဘာသာစကားနဲ့
ချစ်တယ်........ ချစ်တယ်..... လို့
အော်ညည်း

ဆောင်းရဲ့ ကတိကဝတ်ဟာ
မြေသားနံရံကို တို့ထိ
စောင်းအိုကြိုးတို့ ပုံပြင်တစ်ပုဒ်လို
မရှုမလှ သေဆုံးခဲ့ရဆဲ

အနောက်အရပ်မှာ တိမ်တွေညို့
ပြိုလုလုကောင်းကင်
သစ္စာတွေ စတေးခံရင်ခွင်မှာ
မျက်ရည်မိုးတွေ သည်းထန်ဆဲ

ဆောင်းကို ချစ်တက်ခဲ့သလို
ဆောင်းကို လွမ်းတက်ခဲ့
ဒီဇင်ဘာရဲ့ နံနက်ခင်းမှာ
ပြိုတဲ့မိုး
အထပ်ထပ်ရစ်ပတ် သံယောဇဉ်တွေပြတ်တောက်ခဲ့

ပြန်မလာရင်လည်း
ရှိပါစေလေ
အတူရှိနေတဲ့ အမှတ်တရများစွာ
လွမ်းရိပ်ဝေ ငေးရင်
ငါကိုယ်တိုင်ပဲ ရေးပြီး
ဖွင့်မဖတ်ဖြစ်ခဲ့တဲ့ ကျိန်စာသင့်ဒိုင်ယာရီမှတ်တမ်း
မပွင့်ဖြစ်ပဲ နွမ်းကြွေနှင်းဆီ
အလိုရှိသူ ယူပါစေလော့

ဝ၌ကြွေးကြမ္မာ မပြေးသာတဲ့အခါ
ကဗျာတွေနဲ့အတူ
ငါ...........
သေဆုံးပြီးရင်း သေဆုံးနေဦးမှာပါ

Kသာမိုး(မန်းမြေ)
27/10/21018(8:23 pm)

Photo Desing - K Thar Moe(MDY)

Oct 25, 2018

"မ"
~~Kသာမိုး(မန်းမြေ)

အလှပဆုံးအရပ်ကို ငေးမောရင်း
ချိုမြအသံ လွင်လွင်လေးအောက်
ပုရိသပေါင်းများစွာ
အထပ်ထပ်အခါခါ သေဆုံးစေခဲ့

လွမ်းဝေနေ့တိုင်း
အနမ်းခြွေနေမယ်
ဝိုင်တစ်ခွက်ရဲ့ ယစ်မူးမှုမှာ
"မ"မျက်နှာလေး ကပ်ငြိနေဆဲ
အသံမဲ့ ဘာသာစကားမှာ
အသိမဲ့နေခဲ့
သမုဒယ သုခတွေထမ်းပိုးရင်း
ကမ္ဘာတစ်ဖက်ဆီ ပြေးထွက်ချင်တယ်

မချစ်ပါဘူး
မြတ်နိုးရုံလေးပါ
ရယူခြင်း အတ္တတွေရှင်သန်လွန်း
ခြေတစ်လှမ်းစာ ဝေးကွားခြင်းနဲ့တင်
သတိတရ လွမ်းရကျိုးနပ်ပါတယ်

Kသာမိုး(မန်းမြေ)
26/10/2018(5:37 AM)

Oct 24, 2018

အိပ်မက်များ

အိပ်မက်များ
~~~~~~~~Kသာမိုး(မန်းမြေ)

အိပ်မက်(1)
တစ်ယောက်ထဲ ဦးတည်ရာမဲ့ပြေးနေမိတယ်
လမ်းတိုင်းဟာ ဖြောင့်ဖြူးပါစေ

အိပ်မက်(2)
ကမ္ဘာအသစ်စက်စက်မှာ
တစ်ယောက်ထဲရပ်နေတယ်
ဘာမှမရှိတဲ့နေရာ
ပြီးတော့
ဘာမှမသိဘူး

အိပ်မက်(3)
သူမကို ကျွန်တော်အရမ်းချစ်တယ်
သူမကလည်း ကျွန်တော့်ကိုအရမ်းချစ်တယ်
ထာဝရသစ္စာရှိသွားကြတယ်ပဲဆိုပါစို့

အိပ်မက်(4)
ပင်လယ်တွေ စီးဆင်းဆဲ
ကျွန်တော်နဲ့သူမ
လှေတစ်စီးနဲ့ ရေဆန်ကိုတက်နေတယ်

အိပ်မက်(5)
ကျွန်တော့်ဝိညာဉ်ဟာ တိဗက်ဒေသကိုရောက်သွားတယ်
မြို့ပျက်ကြီးထဲမှာ
ရှန်ဂရီလာဒေသမှာ
နှင်းတွေ အေးခဲနေဆဲ

အိပ်မက်(6)
အရိုင်းစိုင်းဆုံး ဖန်ခွက်
သူမပစ်ပေါက်လိုက်တဲ့အရာ
ကျကွဲသွားတဲ့အသံဟာ
အရင်လိုပါပဲ..

အိပ်မက်(7)
ငါတို့မမြင်ရတဲ့ အလှပဆုံးကြိုးမျှင်တစ်ချောင်း
နွယ်ပင်တွေလို အထပ်ထပ်ရစ်ပတ်
ပျက်စီးခြင်းမရှိတဲ့ သမုဒယဟာ
ငါတို့ လမ်းတွေပေါ်
အထပ်အခါခါ ဖြတ်လျှောက်ဆဲ

ချောက်ချားနေရဲ့ မနိုးထရက်တဲ့အရာ
လက်တွေ့မဖြစ်တဲ့ နှောင်တွယ်ခြင်းတွေရှိရာအရပ်
မြတ်နိုးမှုတွေ အထပ်ထပ်အခါခါမွှန်းတင်ခဲ့
သဘာဝမဆန်တဲ့ စိတ္တဇညတွေကြား
သူမ မရှိတော့တဲ့ညပုံရိပ်တွေ
တိမ်စိုင်လို ဝိုးတဝါးပျာက်ကွယ်ခဲ့တဲ့အရာ
အိပ်မက်လေးသာ ဖြစ်ပါရစေ

Kသာမိုး(မန်းမြေ)
24/10/2018(2:56 pm)

Oct 19, 2018

နှင်းစက်များ

နှင်းစက်များ
~~~~~~~~Kသာမိုး(မန်းမြေ)

Snow လေး
စတင်ရင်းနှီးခဲ့တုန်းက အမည်နာမတစ်ခုပဲ
အစွန်အဖျားလေးတစ်ခုပေါ်
ကြွေကျခဲ့

နူးညံ့ပေမယ့်
အရက်စက်ဆုံး သူမ
အချစ်တက်ဆုံး အရပ်ဆီကဆည်းဆာဟာ
နေဝင်လုလု
ဒဏ္ဌာရီပုံပြင်ထဲမှာ
သူမ ကြိုးဆွဲရာက,ပြရတဲ့
အရုပ်လေးတစ်ရုပ် ဖြစ်ခဲ့ဖူးရဲ့

နှင်းစက်တွေ ငါ့ကမ္ဘာမှာအထပ်ထပ်အခါခါကြွေကျ
ဆောင်းနံနက်ခင်းက ဘဝတစ်ဖြတ်စာအမှတ်တရတွေ
ပြီးဆုံးခဲ့ လမ်းတစ်ဝက်မှာတင်
အထပ်ထပ်အခါခါ သေဆုံးနေဆဲ

ဘယ်ဘက်လက်ခလယ်က
လက်စွပ်လေးလို
အရာင်လွင့် မွဲခြောက်ခဲ့ရသလိုမျိုး

ဒီနှစ်လဲ
နှင်းစက်တွေ ငါ့ကမ္ဘာပေါ်
ကြွေကျတယ်

Kသာမိုး(မန်းမြေ)
19/10/2018(7:43 pm)

နင် ပြန်လာမှာပါ

နင် ပြန်လာမှာပါ
~~~~~~~~~~~Kသာမိုး(မန်းမြေ)

ငါ့မျက်ဝန်းပေါ်က မျက်ရည်စက်ထဲ
ဆိုးသွမ်းတဲ့ မိုးက
အိုဟောင်းနေ့စွဲကို ထမ်းပြီး
ပက်လက် ဖြတ်ပြေးတယ်...

ငါ သွားမရတဲ့လမ်းက
အရင်အတိုင်းပဲ
အလွမ်းရောင်လေးတွေ အိပ်စက်
အရက်ပြင်းတစ်ခွက်နဲ့
ဒီအရောင်ကို ငါမြတ်နိုးတယ်

အသစ်အသစ်တွေ လဲပြိုကျ
တစ်ခဏတာ ငါခိုဝင်ခဲ့သော
အဟောင်းစား နံရံထု
မျက်ရည်မြစ်ထဲမှာ စီးဆင်းခဲ့
အမုန်းမပါတဲ့ ဘဝခါး
အရှုံးများနဲ့ ညအလား
ငါ့စိုက်ခင်းမှာ ပန်းရောင်နှင်းဆီဖြူဖြူတွေ
တိုးတိုးတိတ်တိတ် သေဆုံးနေဆဲ

ကံကြမ္မာခုတ်ပိုင်းဖျတ်လိုက်တဲ့
အချစ်ဘာသာဗေဒဟာ
အိပ်မောကျသွားတဲ့ ဆည်းဆာနှုတ်ခမ်း
မရဲတရဲပွင့်ဟ
သေဆုံးသွားတဲ့ ရှင်သန်ခြင်းတွေ
ပန်းချီးကားတစ်ချက်လို ငါ့ရင်နံရံမှာချိတ်ဆွဲ
ကြားဖူးနားဝ ပုံပြင်တွေထဲမှာ
ခြေထောက်မပါပဲ လမ်းလျှောက်နေဆဲ

ရှင်သန်ခြင်းမရှိတဲ့
အနုပညာသမားတစ်ယောက်ရဲ့လက်ပေါ်မှာ
ကြီးပြင်းတဲ့ မျက်ရည်စက်လက်ကဗျာတစ်ပုဒ်
သေဆုံးပြီးရင်း သေဆုံးနေဆဲနှလုံးခုန်သံတွေ
ခပ်ကြမ်းကြမ်း အသက်ရှုခြင်းတွေ
ပြာနှမ်းတုန်ရီ နှုတ်ခမ်းဖျားတွေ
နာကျင်မှန်းသိရဲ့
စိတ်ကိုတင်းခံ ဆုပ်ကိုင်ထားမိ

မိုးရေစက်ထဲ
ဝိညာဉ်မဲ့ လူသားတစ်ဦး
အက်ကြောင်းရာ ရင်ခွင်ထဲက
ရူးမိုက်နေခဲ့တဲ့ မျော်လင့်ခြင်းမနက်ဖြန်များ
မိုးစက်တွေထဲ ငေးကြည့်မိဆဲ
တစ်နေ့ကျ
နင်...ပြန်လာမှာပါ...........

Kသာမိုး(မန်းမြေ)
18/10/2018(2:23 pm)

Oct 13, 2018

အဲ့ဒီကောင် စောက်ရမ်းခါးတယ်

အဲ့ဒီကောင် စောက်ရမ်းခါးတယ်
~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ရင်ဘတ်ထဲက မော်ဒန်ဆိုတာ
Dateလွန်နေတဲ့ နှစ်ချို့ဝိုင်တစ်လုံး
အဲ့ဒီကောင် စောက်ရမ်းခါးတယ်။

မသီးတက်သီးတက် သီးပြနေတဲ့ပန်းသီးက
ဘာလို့မချိုတာလဲ
အပင်ကပဲ စောက်သုံးမကျတာလား
အဲ့ဒီကောင် စောက်ရမ်းခါးတယ်။

ခပ်ရိုင်းရိုင်း ဖွင့်ပြခဲ့တဲ့ရင်ဘတ်
ခပ်ရိုင်းရိုင်း သေတယ်......
ခပ်ရိုင်းရိုင်းကြွေတယ်......
ဟုတ်တယ်....
ငါက ခပ်ရိုင်းရိုင်းကောင်ကြီး
အဲ့ဒီကောင် စောက်ရမ်းခါးတယ်။

မကြွေချင်ပဲ ကြွေခဲ့
ဝေချင်တော့ မဝေခဲ့ဘူး
ပြုတ်ကျတော့မှ အထိနာပြတယ်
နောက်ဆုံးကျ
ငါကပဲ အခါးကောင်ကြီးဖြစ်သွားရော။

အဲ့ဒီကောင် စောက်ရမ်းခါးတယ်။

Kသာမိုး(မန်းမြေ)
13/10/2018(10:29 pm)

Oct 7, 2018

ကဗျာဆရာရေးတဲ့ ရည်းစားစာ

ကဗျာဆရာရေးတဲ့ ရည်းစားစာ
~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင်
ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသား မြေခခဲ့ရတာ
နင့်ရဲ့ ရင်မှာငြိတဲ့ အကြင်နာအကြည့်ကြောင့်လား
အိပ်မက်ဆိုလည်း
နင့်ရင်ခွင်မှာ ထာဝရအိပ်စက်ပါရစေကောင်မလေးရယ်

ချစ်တယ်....

ငါ့ကမ္ဘာမှာ အခါခါတုန်ဟီး
လေလှိုင်းကြားက ဟင်္သာသံလေးက
ရင်ထဲ ရှတတ
အပျော်တွေနဲ့ နိုးထ
ငါ့ကိုယ်ငါတောင် အစိုးမရတဲ့မနက်မှာ
အို...ဟိုးဘဝအထိ လင်းလက်ပေးမယ့်ရောင်ခြည်နုနုဟာ
မင်းမျက်နှာပါ.....

ချစ်တယ်.....
ချစ်တယ်.....
ငါ့ကဗျာထဲက ကဗျာကိုချစ်တယ်....
ငါ့ကဗျာထဲက နင့်ကိုလည်းချစ်တယ်....
ငါ့ရင်ဘတ်ထဲက နင့်ကိုလည်းချစ်တယ်...

ရင်ထဲက အမှန်တရားနဲ့မေတ္တာဟာ
ငါ့နှလုံးသွေးမရပ်သ၍ နင့်အတွက်ရှင်သန်နေတယ်
ရှင်သန်နေဆဲ
ယူပါ
သုံးဆောင်ပါ
ငါ့ချစ်ခြင်းတွေ အတ္တမဲ့စွာနမ်းရှိုက်ပါ
ဒီလူသားက နင့်အတွက်
နံရိုးတစ်ချောင်းနဲ့ လူ

နိုးထခြင်းမှာ နေ့တာရှည်ပါစေ
နင်အိပ်စက်ရာ ညဝတ်လွှာပေါ်မှာ
ငါ့အနမ်းတွေ ပွင့်ပါစေ....
အညတြတစ်ယောက်ရဲ့ အဖြူထည်သက်သက်မေတ္တာ
ဆွတ်ချူလှည့်ပါ မိန်းကလေး...
ကဗျာဆရာရဲ့ ရင်ဘတ်ဟာ
ဟိုး.......မိုးကောင်းကင်ကင်မှာ သာတဲ့လမင်းလေးပါ...

မင်းကို
အလင်းတွေ ဖြန့်ကျတ်ပေးပါရစေ...
ကောင်မလေးရေ......

Kသာမိုး(မန်းမြေ)
8.10.2018(12:15 am)

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...