ဒီကဗျာဖတ်ပြီး မငိုပါနဲ့မိမာယာ
~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
နှုတ်ဆက်နှုတ်ခမ်း
ခါးသီးတဲ့ မျက်ရည်စီးကြောင်းများစွာ
ရင်ကွဲပက်လက်လမ်းဆုံ
သစ္စာပန်းတွေ ကြွေတဲ့နေ့စွဲ
ကြေကွဲမှန်တစ်ချပ်က
ရင်ကို စူးစေ
မငိုပါနဲ့ မိမာယာ
ငါဒီကဗျာရွတ်သံကြားရင် နင်မငိုပါနဲ့
နင်မရှိတော့တဲ့ အရပ်
ခိုဝင်သူမဲ့ ရင်တစ်စုံ
ဆောင်းနံနက်မှာ ချမ်းခိုက်တုန်ရီ
ဒဏ်ရာအထပ်ထပ် နှလုံးသားတစ်စုံဟာ
အေးခဲနေဆဲ
ရွက်သစ်မဝေတဲ့ လမ်းကလေး
မြူနှင်းတမျှ အေးမြတဲ့လက်တစ်စုံ
မငိုပါနဲ့ မိမာယာ
ဒါဟာ
နိုးတစ်ဝက် အိပ်တစ်ဝက်
မက်ခဲ့ရတဲ့ အိပ်မက်တွေသာဖြစ်ခဲ့ရ
ဆွေးပါရစေ
လမ်းခွဲခြင်း ဆုံမှတ်မှာ
အရိုးတွေ အပြိုင်းအရိုင်းထ
စီးဆင်းမှုကင်းမဲ့ ပင်လယ်သေကို
အကြိမ်ကြိမ်အခါခါ
ငါ လက်ပစ်ကူးနေရဆဲ
အချစ်အသစ်တွေ ရေလောင်းပေါင်းသင်
သစ္စာပန်းတွေ ထပ်ကာစိုက်ပျိုးလဲ
မရှင်သန်နိုင်တဲ့ အိပ်မက်အသေကြီးကို
ရူးရူးမိုက်မိုက် ဖက်တွယ်ထားမိခဲ့သူပါမိမာယာ
ကြားဖူးနားဝ လှိုင်းသံတွေပဲ့တင်ဆဲ
မီးဖိုခန်းရဲ့ ထမင်းစားပွဲလေးပေါ်
ပုံရိပ်ယောင်တွေ ပျံ့လွင့်
ဆင်တူလက်စွပ်လေးက အရောင်လွင့်ပြယ်
ပန်းရောင်အင်္ကျီလေးလဲ အဖော်မဲ့
တမ်းတမိတဲ့ ဝမ်းနည်းပက်လက်အနမ်းတစ်စုံ
နှင်းဆီဝိုင်ရဲ့ နောက်ကြောင်း
သောက်မိတော့ မက်မပြေ
အစဉ်သာရင်မှာ ခါးခဲ့ရ
နမ်းခွင့်မပေးတဲ့ ကံကြမ္မာ
လွမ်းခွင့်တော့ ပေးပါ
ညနံရံမှာ ယမကာသောက်ပြီး
နင့်စကားတွေ အန်ချပြမယ်
ကြားမိက မငိုပါနဲ့
မငိုပါနဲ့ မိမာယာ
ငါ.......
ဒီကဗျာရွတ်နေသံကြားရင်
နင်.......
မငိုပါနဲ့.....
မငိုပါနဲ့.....
နင်........
မငိုပါစေနဲ့ မိမာယာ.....
Kသာမိုး(မန်းမြေ)
31/10/2018(6:49 pm)
No comments:
Post a Comment