Feb 22, 2019

ရပ်တန့်ခဲ့သော နာရီများ

ရပ်တန့်ခဲ့သော နာရီများ
~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

မညီမျှမှုတွေကို ရေးချကြည့်ရင်
ယမကာတစ်ခွက်စာလောက်တော့
ငါရူးလို့ရသေးတယ် မိမာယာ။
လေပြေတွေကို ငေးတိုင်း
အိပ်မက်တွေက မျက်ဝန်းထဲထိဝင်ဝင်ပြီးခါးတယ်။
အခုတော့ နင်မကြိုက်တဲ့အရာတွေကို
ငါ မက်မောတက်လာပြီ မာယာရယ်။

ငါ့မျက်ရည်တွေ တစ်ရွက်ပြီးတစ်ရွက်နံရံကိုပစ်ပေါက်မိတိုင်း
ဆောင်းညတစ်ညစာ နင့်အနမ်းတွေကြား
လေရူးလို ငိုတယ်။
နင့်မျက်နှာပေါ်မှာ ဥဩတွေတွန်ရကောင်းလားဆိုပြီး
ငါ့ကဗျာတွေပါ ငိုတယ်။

ဒီနွေမှာ အရင်လိုသစ်ရွက်တွေမကြွေတော့ဘူးမာယာ။
အဲ့ဒီအကြောင်းတွေ ပြောတိုင်း
ငါ့ညနေက ပိုပြီးနေဝင်တာစောတယ်။

နွေဦးရဲ့ ရင်ဘတ်ပေါ်ရပ်နေတဲ့နာရီတွေက
ငိုလို့......ယိုလို့........
ငါလဲ ဒီနွေမှာ
သစ်ရွက်တွေလို အထပ်ထပ်အခါခါကြွေ။

Kသာမိုး(မန်းမြေ)
23/2/2019

Feb 18, 2019

လက်ဖက်ရည်ဆိုင်ထဲမှာ

လက်ဖက်ရည်ဆိုင်ထဲမှာ
~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

လက်ဖက်ရည်ဆိုင်ထဲမှာ
ချိုဆိမ့်တစ်ခွက်မှာတယ်
ပြီးတော့ ဆေးလိပ်တစ်ပွဲမှာတယ်
ပြီးတော့ စကားတွေချိုပြီးဆိမ့်နေအောင်ပြောတယ်
ဆေးလိပ်ကိုမီးညှိပြီး
လမ်းသွားလမ်းလာနဲ့ ညနေခင်းကိုဖွာရှိုက်ပစ်လိုက်တယ်
ပြီးတော့ ရေနွေးတစ်ခွက်နဲ့ပဲ
ကမ္ဘာကို လုံးထွေးပြီးမြိုချပစ်တယ်
လက်ဖက်ရည်ဆိုင်ထဲမှာ
ဘယ်နေရာကြည့်ကြည့်
မြင်ကွင်းတွေက
လုံးသွားလိုက်
ပြားသွားလိုက်
ဖောင်းပွသွားလိုက်
ညစ်နွမ်းနွမ်းဝန်းကျင်က သွေးဆာနေတဲ့နေညိုချိန်အကြောင်း
စောက်ဖောင်းထုရတာ အားရတော့မှ
ထပြန်ခဲ့လိုက်တယ်။

Kသာမိုး(မန်းမြေ)
18/2/2019

Feb 13, 2019

ပြိုင်ပွဲ

ပြိုင်ပွဲ
~~~~Kသာမိုး(မန်းမြေ)

စီးကရက်အငွေ့တွေကြားက အဲ့ဒီညနေကို
ငါမရှိုက်ဖွာခဲ့ဘူး။
နေဝင်ချိန်က ဇာတ်နာနာနဲ့ပဲကားလိပ်ချပြီးအိပ်တန်းပြန်သွားတယ်။
အဲ့ဒီလိုနဲ့ အမှန်တရားကခါးသွားတယ်မာယာ
မသောက်ချင်ပဲ သောက်လာရတဲ့အပြင်းစားအရက်တွေရော
သောက်ချင်လို့ သောက်လာတဲ့အပေါစားအရက်တွေရော
တန်ဖိုးချင်းကတော့ကွာပေမယ့် နာကျင်ပုံခြင်းကတော့တူတယ်မာယာ။
မင်းကိုလွမ်းတဲ့စိတ်လေးရော့သွားရင်ကို ငါကျေနပ်ပါတယ်။
မင်း မမှားဘူးမာယာ ဒါပေမယ့် ငါမှန်တယ်။
လောင်မြိုက်ခံနေရတဲ့စကားလုံးတွေကို
အဖိုးအခမပါတဲ့ မျက်ဝန်းတွေနဲ့ဖာထေးပြီး နင့်ရင်ဘတ်ဆီကိုပစ်သွင်းခဲ့
ဒါပေမယ့် အဲ့ဒီစီးကရက်က ငါနှုတ်ခမ်းနားမရောက်သေးခင်ပြာဖြစ်ခဲ့တယ်။
ပြောပါ မင်းပြောလိုက်စမ်းပါ..
မင်းငါ့ကို စောက်ရမ်းချစ်တယ်ဆိုတဲ့စကား
ငါခိုးကြည့်ခဲ့တဲ့ညနေတွေ
အိပ်မက်ထဲ တယုတယထည့်ပေးခဲ့တဲ့မနက်ဖြန်တွေ
ငါရင်ဘတ်နဲ့နမ်းခဲ့ပေမယ့်
ငါချစ်ခြင်းကိုပုဒ်မတပ် နင်ခြေဖဝါးနဲ့ဆောင့်ကန်ထုတ်ခဲ့။
အမှတ်တရကို လက်ခုပ်တီးပေးခဲ့တဲ့
မုသာဝါဒ နှုတ်ခမ်းဖျားအတွက်
ဂုဏ်သိက္ခာရှိစွာပဲ
ဒီပွဲမှာ ငါကျရှုံးကြောင်းဝန်ခံပါတယ်။

Kသာမိုး(မန်းမြေ)
14/2/2019

Feb 7, 2019

သူမ

သူမ
~~~~Kသာမိုး(မန်းမြေ)

အရက်သမားဟာ ဘုရားမကန်တော့ဘူး။
ငါလဲ ဘုရားမရှိခိုးဘူး။
နင် ဘုရားကန်တော့လား?
ဒါဆို လိုက်ဆိုပါ။
မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

Kသာမိုး(မန်းမြေ)
8/2/2019

Feb 6, 2019

မီတာ ၁၅၀၀ အကွာမှာ

မီတာ ၁၅၀၀ ရဲ့အကွာမှာ
~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ဘယ်အသက်ရှုခြင်းကိုမှ
ရပ်ဆိုင်းမပစ်တော့ပါဘူး
သူမနဲ့ မီတာ ၁၅၀၀ ရဲ့အကွာမှာ
ကြယ်တွေကိုလမ်းခင်းပြီး လျှောက်မယ်

ဝေးကွာခြင်းနဲ့ သေဆုံးခြင်းဟာ
ဘယ်နတ်ဘုရားမှ ကျိန်စာတိုက်မထားခဲ့
သင်္ခါရတရားကို စပရေးဖြန်းပြီး
နမ်းချင်တဲ့ကောင်
နင်နဲ့ မီတာ ၁၅၀၀ အကွာမှာ
သွေးစက်တွေအကြောင်း ဟားတိုက်ပြီးရယ်မယ်

သူမပေးတဲ့ မုသားကို
အကြိမ်ကြိမ်ဝတ်ပြုနေလည်း
ငါ့ရဲ့မိုက်မဲမှုအတွက်
မာကျူရီလောက်မှ တောက်ပခွင့်မပေးတဲ့နင်
ကမ္ဘာကိုကျမ်းကျိန်ပြီး
မာယာကို ပုဒ်မတက်မယ်။

နင်နဲ့ မီတာ ၁၅၀၀ အကွာမှာ
ငါ့နှုတ်ခမ်းတွေ အခိုးအငွေ့လိုပျောက်ရှ။

Kသာမိုး(မန်းမြေ)
6/2/2019 ဗုဒ္ဓဟူးနေ့

Feb 3, 2019

ဂတ်စ်မီးခြစ်

ဂတ်စ်မီးခြစ်
~~~~~~Kသာမိုး(မန်းမြေ)

"ခြစ်"ကာမှ ပူစေ
ရဲရဲကြီး "ချစ်"ပြ
ရေခဲရိုက်ထားလို့မှ မရတာ

သူလဲ "ခြစ်"
ကိုယ်လဲ "ခြစ်"
မီးတောက်တွေက ရဲ
ချစ်ခဲ့သမျှ ပြာဖြစ်

မနေနိုင်လို့ မေးကြည့်မိ
"မင်းက ကြာကြာ"ခြစ်"နေမှတော့ ပူမှပေါ့"

အခုတော့သိပြီ
"ချစ်"ရင် ပူတယ်ဆိုတာ။

Kသာမိုး(မန်းမြေ)
4/2/2019

Feb 1, 2019

"နောက်ဆုံး........"

"နောက်ဆုံး........"
~~~~~~~~~~~~Kသာမိုး(မန်းမြေ)

သချိုင်းတစ်ခုအတွင်းမှာ.....
လူတစ်ယောက် ဥပက္ခာတရားနဲ့လဲလျောင်းနေခဲ့
ပတ်ဝန်းကျင်က မသာယာခဲ့ပါဘူးချစ်သူ.....
ဒီရပ်ဝန်းက
နှင်းဆီရနံ့တွေ သင်းပျံ့ရာဒေသတော့မဟုတ်ဘူး။

မီးခိုးရနံ့တွေ သင်းနေတယ်။
အလုံပိတ်ထားတဲ့ အခေါင်းလိုမျိုး....
တိုးညည်းတဲ့ ငိုသံတွေကြားရတယ်.....
လူငယ်တစ်ယောက်ရဲ့ အသုဘပါ....
ဘယ်သူ့အတွက်မှတော့ မထူးဆန်းပါဘူး။

သူတို့.......
သံတခါးတွေ ဖွင့်လိုက်ကြပြီ.......
ဝမ်နည်းပေမဲ့ ငိုယိုပိုင်ခွင့်မရှိတော့တဲ့ခန္ဓာ
တမ်းတမိပေမဲ့ လှုပ်ရှားနိုင်စွမ်းမရှိတော့တဲ့မျက်ဝန်းတစ်စုံ
လွမ်းမိပေမယ့် ထွေးပွေ့ပိုင်ခွင့်မရှိတဲ့ငါ့ရဲ့လက်
ဝေးခဲ့ပြီမာယာ.......
မဖြေသိမ့်နိုင်ပေမဲ့ နင်ပျော်နိုင်မှာပါ......။

သံစားမီးက အသားထစ်တွေကိုဝါးမြိုလှောင်မြိုက်
နောက်ဆုံး ပြုံးပြပေးပါမာယာ.......
ငါ အမည်နာမကင်းစွာ ထားရစ်ခဲ့မယ်။

တကယ်တော့
သေဆုံးသူက ငါကိုယ်တိုင်ပဲ......

မိမာယာ
ငါရဲ့ နိဂုံးမှာ.....
နင် လက်ခုပ်လက်ဝါးတီးပြီးအားပေးကြ။

Kသာမိုး(မန်းမြေ)
2/2/2019 စနေ

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...