သွေးအိုင်ထဲ နစ်နေတဲ့ကဗျာ
~~~~~~~~~~~~~~~~~~~ MC ကာရံလေး
အခန်းထောင့်မှာ ကပ်ငြိနေတဲ့နာရီတွေ
လိုသလို ပုံသွင်းမရတော့
ကြေမွနေတဲ့ စာရွက်တွေက
ငါ့ကို မကျေမနပ်တောက်ခေါက်နေကြတယ်......
လမသာတဲ့ညမှာ
အလင်းမရှိတာ ဆန်းသလား
ဒီလို
ကျိုးပဲ့နေတဲ့ ညတွေကို
ချိုးခြုံချွေတာပြီး တိမ်တွေငိုနေတဲ့မြစ်ထဲ
ရေဆန်ကို ကြိုးစားကူးခတ်
အိမ်မပြန်သေးတဲ့ ကဗျာတစ်ပုဒ်ဆီ
ဘ၀ကို အပ်နှံထားလိုက်တယ်
လိုသလိုသာ
ထုဆစ်ပါလေ......
ကြေးငှက်တွေ မတွန်တော့တဲ့နံနက်ခင်းထဲ
သွေးညီနံ့ရနေတဲ့ လေတွေကို
အားခဲ ရှုရှိုက်
ညနေ မှောင်စပျိုးလာတော့
စေ့ထားတဲ့ ပြတင်းတံခါးတွေ
ပိတ်ထားရတာပေါ့
ဒါဟာ ထုံးစံ
ညကတော့
နက်သထက် နက်လို့
ငယ်ငယ်တုန်းကလို
အိမ်မကပ်လို့ အရိုက်ခံရတဲ့စကားလုံးတွေက
ကောက်ကြောင်းတွေ ပြည့်နေတဲ့စာရွက်ပေါ်
ချုံးပွဲချ ငိုယို
ဒဏ်ရာတွေ အနာမကျတ်သေးတော့
အရက်သောက်ပြီး အန်ချလိုက်တဲ့ကဗျာတွေက
သွေးစိမ်းရှင်ရှင်နဲ့
အမူးမပြေ ရီဝေနေတဲ့
အခန်းကျဉ်းလေးထဲမှာတင်ပဲ
ငါ့ကဗျာဟာ ပန်းမခင်းရသေးခင်
သွေးအိုင်ထဲ မြုပ်သွားတယ်.....
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
30.1.2018