နင်ကြွေတာစောတယ် ပန်းအိဖြူ
~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
နင်ကြွေတာ စောတယ်ပန်းအိဖြူ
ငါကဗျာကို နင်ဆုံးအောင်နားမထောင်သွားဘူး
မျက်ဝန်းပေါ် တွဲလောင်းချိတ်ခံထားရတဲ့
ခုံတန်းလျားလေးတွေက ငို...လို့
ဒီကဗျာရွတ်ပြီးရင် ကြေးစည်ထုမယ်
ငါပေးဝေတဲ့အမျှ နင်ရပါစေ
နင်ကြွေတာ စောတယ်ပန်းအိဖြူ
ပန်းစည်းကလေးတွေ အရင်လိုမပျှော်ရွှင်ကြတော့ဘူး
နံရံပေါ်က အမှတ်တရတွေက
နင့်အကြောင်း ခဏခဏပြောတယ်
နင့်ရဲ့ရယ်သံလွင်လွင်လေးနဲ့
တီတီတာတာစကား မဆိုတော့ဘူးပေါ့
နင်ကြွေတာစောတယ် ပန်းအိဖြူ
နင် နှုတ်မဆက်ခဲ့ရသေးတဲ့လမ်းမကလည်း
နင် သွားတုန်းကအတိုင်းပဲ
အခုနောက်ပိုင်းတော့ နည်းနည်းပြောင်းလဲလာပါတယ်
နင်ကြွေတာစောတယ် ပန်းအိဖြူ
ဥပက္ခာပြုခံလိုက်ရတဲ့ ကြယ်ပါ
နင့်ကောင်းကင်မှာ ငါအရင်လိုမတောက်ပနိုင်တော့
မြတ်နိုးရက်နဲ့ သေကွဲကွဲသွားတဲ့ကဗျာတစ်ပုဒ်အကြောင်း
ဘယ်ရင်ဘတ်ကမှ ကောင်းချီးမပေးခဲ့
ကလောင်ဖျားမှာ နင့်နာမည်ကိုယိုးစွပ်ရင်း
နာကျင်မှုကို တိုးတိုးလေးရွတ်ဆိုနေတဲ့သူ
နင်ကြွေတာ စောတယ်
ငါ့ရဲ့ ဘယ်ဘက်ရင်အုံပေါ်မှာ
နင်ဟာ အထပ်ထပ်အခါခါကြွေဆဲ။
နင်ကြွေတာစောတယ် ပန်းအိဖြူ
ငါ့အပေါ် နင် မခြွေနိုင်တော့
နင်ကြွေတာစောတယ် ပန်းအိဖြူ
သင်္ခါရတရားရဲ့ အလှည့်အပြောင်းမှာ
နင့်နာမည်လေး နောက်ဆုံးရေရွတ်ပါရစေ။
ရောက်လေရာဘဝကနေ
ငါ့သစ္စာကို နင် ကြားနာပါ။
Kသာမိုး(မန်းမြေ)
20/3/2k19
No comments:
Post a Comment