Sep 26, 2018

ရင်နှင့်ရင်း၍ သည်းသောမိုး

"ှရင်နင့်ရင်း၍ သည်းသောမိုး"

ဝန်ခံချက်
~~~~~~

ဤဝတ္ထုသည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် (---) ၌ အမှန်တကယ်ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အား အခြေခံ၍ ရေးသားထားပါသည်။

အခန်း(၁)

ကောင်းကင်၌ မိုးများအုံ့မှိုင်းနေသည်။ရွာတော့မလိုဟန်ပြင်ပြီးကာမှ မရွာသေး။လေအေးများသာ တသွင်သွင်တိုက်ခတ်လာသဖြင့် အေးစိမ့်လာ၍ အခန်းထဲအောင်းကာ စာအုပ်ဖတ်နေရင်း ဆက်ရက်မင်းစည်းစိမ်အား အပြည့်အဝ ခံစားနေလိုက်သည်။ထိုစဉ် အပြင်မှ ကားဟွန်းတီးသံ ကြားလိုက်ရသည်။
"တီ.....တီ....တီတီ...."
"ဟေ့ကောင်...ကာရန်ရေ ကာရန်"
"ဟ..ဘာတုန်းဟ ငါဒီမှာရှိတယ် ဝင်ခဲ့ကွာ မှိုင်းထောင်မထားဘူး"
ကျွန်တော် စိတ်ပေါက်ပေါက်ရှိတာနှင့် ဘုတောလိုက်တော့ သီဟက မျက်နှာစပ်ဖြီးဖြီးလုပ်ကာ အိမ်ထဲဝင်လာသည်။
"ဘာတုန်းဟ..ငါဒီမှာ မိုးအေးအေးနဲ့ကွေးနေတာ ဇိမ်ပျက်တာကွာ"
"ကဲ...ကိုယ့်လူ ကွေးမနေနဲ့ ရှေ့မှာ ရန်နိုင်တို့နှစ်ယောက် မင်းကိုစောင့်နေကြတယ် ဧပရယ်က သူ့သူငယ်ချင်းတစ်ယောက်က ထမင်းစားဖိတ်ထားတယ် အဲ့ဒါ ငါတို့ကိုပါ ခေါ်ခဲ့ပါလို့ မှာလိုက်တယ်တဲ့ မင်းသိမှာပါ ဧပရယ် သူငယ်ချင်း ပန်းအိဖြူလေ တလောကတောင် ငါတို့နဲ့ အအေးဆိုင်မှာ တွေ့တဲ့ ဧပရယ်နဲ့ပါလာတဲ့  အလန်းလေးလေကွာ အဲ့ဒါ မိတ်ဆက်ပေးရင်း မိတ်ဆုံစားပွဲလုပ်မယ်ဆိုလို့ မင်းကိုလာပင့်တာ လာ...ထ"
"အေးကွာ..ဒါဆို ခဏတော့စောင့် ငါ အဝတ်အစားလဲလိုက်ဦးမယ်"
သီဟ တို့ဆိုသည်ကား ကျွန်တော်နှင့် သွားအတူလာအတူစားအတူ တပူးတွဲတွဲနေခဲ့ကြသည့် သူငယ်ချင်းများဖြစ်ကြသည်။လုပ်ငန်းခွင်တစ်ခုမှာ မျက်မှန်းတမ်းမိကြရင်း ခင်သွားကြသည်။ကျွန်တော်တို့ သူငယ်ချင်းအဖွဲ့၌ သီဟ၊ ရန်နိုင်၊ ဧပရယ် ကျွန်တော် ဟူ၍ သူငယ်ချင်းလေးယောက်ရှိသည်။အမြဲတမ်း ပြောမနာဆိုမနာ စနောက်ပျော်ရွှင်ရင်း ခင်ခင်မင်မင်နေလာခဲ့ကြသည်။သွားစရာများရှိလျှင်လည်း ကျွန်တော့်ကို အိမ်ထိလာခေါ်တက်ကြသည်။တစ်ခါတလေ ကျွန်တော် အိမ်မှာမရှိလဲ ဖုန်းဆက်ကာ ကျွန်တော်ရှိနေသည့် နေရာအထိ လာရောက်ခေါ်ယူတက်ကြသည်။စားသောက်ဆိုင်များ အအေးဆိုင်များသို့ ထိုင်လျှင်လည်း ပိုက်ဆံက ကျွန်တော် ထုတ်စရာမလို။သူ့တို့ပဲ ရှင်းတက်ကြသည်ချည်းပင်။ကျွန်တော်ရှင်းမည်ဆိုလျှင်လဲ စိတ်ဆိုးတက်ကြသည်။
"ဟိတ်ကောင် မပြီးသေးဘူးလား မင်း အခန်းထဲမှာတင် ဝါဆိုမလို့လား"
သီဟ လှမ်းအော်လိုက်သဖြင့် အတွေးစများ ပြတ်တောက်သွားသည်။
"အေး ပြီးပြီဟ လာပြီ လာပြီ"။
သီဟက ပါးစပ်မှ ပွစိပွစိတီးတိုးပြောရင်း ဆောင့်အောင့်ကာ ထွက်သွားသည်။ကျွန်တော်လည်း အပြေးတစ်ပိုင်းနှင့် သူ့နောက်လိုက်လာခဲ့ရသည်။
ရန်နိုင်နှင် ဧပရယ်တို့ကတော့ ကားပေါ်တွင်ထိုင်ကာ အင်္ဂလိပ်သီချင်းတစ်ပုဒ်ဖြင့် ငြိမ့်နေကြသည်ကို တွေ့လိုက်ရသည်။ထိုသို့ဖြင့် သီဟတို့ သူငယ်ချင်းတစ်သိုက်ခေါ်ရာနောက်သို့ လိုက်ပါလာခဲ့သည်။

အခန်း (၂)

ကြီးကြယ်ခန်းနားလှသော စံအိမ်ကြီးအတွင်းသို့ အိမ်းစီကားလေးတစ်စီး အရှိန်နှင့်မောင်းဝင်လာကာ ဆင်ဝင်အောက်၌ ရပ်လိုက်သည်။ထိုစဉ် အိမ်အတွင်းမှ ဂါဝန်ရှည်ဝတ်ထားသည့် ချောမောလှပသော မိန်းမငယ်လေးတစ်ဦး ပြေးထွက်လာသည်။
"အမလေး မယ်မင်းကြီးမရယ် နင်တို့ကလဲ မျှော်လိုက်ရတာ ငါကဖြင့် လာပါ့လာပါ့မလားလို့ စိတ်ပူနေတာ"
"ဟဲ့ နင်ကလဲ လာမှာပေါ့ဟ တကူးတကကြီးဖိတ်ထားတာကို ဒီမယ် ဟောဒီကိုယ်တော်ချောကို ဝင်ပင့်နေရသေးတယ်ဟ သူ့စောင့်နေတာနဲ့ ကြာနေတာ"
ဧပရယ်က ကျွန်တော့်အားမေးငေါ့၍ အပြစ်တင်သလို ပြောလိုက်တော့ ထိုကောင်းမလေးမှ လှည့်ကြည့်လာသည်။အကြည့်ချင်းဆုံမိတော့ ရင်ထဲ လှိုင်းတစ်ခုဖြတ်သန်းသွားသည်။ကြည်နူးစရာကောင်းလိုက်သည့် ဖြစ်ခြင်း။ထို့နောက် ရုတ်တရက်ဖြစ်ပေါ်လာသော ရင်ခုန်သံအား တိတ်တဆိတ်နားထောင်ရင်း မသိမသာလေး ခိုးခိုးကြည့်ကာ ထိုကောင်မလေးခေါ်ရာနောက်သို့ ကျွန်တော်တို့လေးဦးသား လိုက်ပါလာခဲ့ကြသည်။ဧည့်ခန်း၌ ထိုင်မိတော့ ဧပရယ်ကစတင်၍..
"သြော် ဒါနဲ့ မိတ်ဆက်ပေးရဦးမယ် ဟိုတစ်ခါက အချိန်မရလို့ မိတ်မဆက်ပေးလိုက်ရဘူး သူက သီဟတဲ့ ကျောင်းကတော့ ပြီးသွားပြီ အခု သူက ကွန်ပျူတာ အရောင်းဆိုင်တစ်ခုမှာ service ဝင်လုပ်နေတာ"
"ဟုတ် တွေ့ရတာ ဝမ်းသားပါတယ်ဗျာ ကျွန်တော့်ကိုလဲ ဧပရယ်ကို ခင်သလို ခင်နိုင်ပါတယ်"
"ဟုတ်ကဲ့ ညီမလဲ တွေ့ရတာ ဝမ်းသာပါတယ် ကိုသီဟ"
"သီဟပဲ ခေါ်ပါဗျာ ရပါတယ်"
ထို့နောက် ရန်နိုင့်ကို မိတ်ဆက်ပေးပြီး ကျွန်တော့ဘက်လှည့်ကာ
"သူကတော့ ကာရန်တဲ့ သူက ကျောင်းတော့ ဆက်မတက်တော့ဘူး ဆယ်တန်းနဲ့ထွက်လိုက်တာ အခုကတော့ သူဝါသနာပါတဲ့ အနုပညာတွေပဲလုပ်ရင်း အချိန်ကုန်နေတာ"
"ကာရန် ဒါက ပန်းအိဖြူတဲ့ သူကကျောင်းပြီးပြီ သူ့အဖေပိုင်တဲ့ ကုမ္မဏီတစ်ခုမှာ သွားပြီး ကြီးကြပ်ပေးရတယ်"
ထိုအခါ ပန်းအိဖြူက..
"ကိုကာရန်က အနုပညာလုပ်တယ်ဆိုတာ ဘာတွေလုပ်လဲဟင်"
"အမလေး မိပန်း သွားမေးမနေနဲ့ သူလုပ်နေတာတွေက အများကြီးပဲ ပြောရင် မိုးသာလင်းသွားမယ် ကုန်မှာမဟုတ်ဖူး အဓိကကျတာပဲ မှတ်ထားလိုက်တော့ သူက စာရေးတယ် ကဗျာရေးတယ် သီချင်းဆိုတယ် အဲ့တာ သူ လက်တလောလုပ်နေတာတွေပဲ ကျန်တာက နောက်ရင်နှီးသွားရင် နင်တဖြည်းဖြည်းသိလာမှာပါ"
"ဟယ် ဟုတ်လား အဆင်သင့်တာပေါ့ ညီမလဲ ကဗျာတွေစာတွေ ဖတ်ရတာ အရမ်းဝါသနာပါတာ"
"ဟုတ်ကဲ့ ကျွန်တော်လဲ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"
သို့နှင့် ပန်းအိဖြူဆိုသော ကောင်မလေးနှင့် ထမင်းစားသောက် ရယ်စရာမောစရာများ ပြောကာ ပြန်ခဲ့ကြလေသည်။

"အဟမ်း..ငါတော့ ကာရန်ကို မနာလိုတော့ဘူးဟေ့"
အပြန်တွင် သီဟက ကားမောင်းနေရင် တိတ်ဆိတ်ခြင်းကို ဖြိုခွဲကာ စကားစလိုက်သည်။
"အမ် ဘာတုန်းဟ ငါလဲ ဘာမှမလုပ်ရပါဘူးကွာ မင်းကလဲ"
"ဘာဖြစ်ရမှာတုန်းဟ မင်းဟိုမှာ အကြည့်တွေက ပန်းအိဖြူဆီကကို မခွာတော့ဘူး ဟိုကလဲ မင်းပဲကွက်ကြည့်ကွက်ကြည့်ဖြစ်နေတာ"
ဧပရယ်ကပါ ဝင်၍...
"ဟုတ်ပါ့အေ ငါလဲ ဟိုမှာထဲက အမြင်ကတ်နေတာ မိပန်းကလဲ တကထဲ ဖြစ်နေလိုက်တာများ ငါတို့တောင် သိပ်အရေးလုပ်ချင်တော့တာ မဟုတ်ဖူး သူနဲ့ပဲ စကားတွေပြောနေတာ ဟွန့်"
ရန်နိုင်က
"ဟေ့ကောင် ကာရန် ငါတို့တွေ ဘယ်တော့ရေခဲမုန့်စားရမလဲ"
ကျွန်တော်က ရှက်ကိုးရှက်ကန်နှင့်
"ဟာ မင်းတို့ကလဲကွာ မဟုတ်ပါဘူးဟ မင်တို့စိတ်ထင်နေတာ ဖြစ်မှာပါ မင်းတို့ကလဲ အသေးစိတ်ကို လိုက်သုတေသနပြုနေတာပဲ"
"ဟား..ဟား ရှက်မနေစမ်းပါနဲ့ကွာ ဝန်ခံလိုက်စမ်းပါ ငါတို့အောင်သွယ်ပေးပါ့မယ်"
"ဟိတ်ကောင် ပြောလေကဲလေ"
"ဟား....ဟား...ဟား..."
ကျွန်တော် ရှက်ရှက်နှင့် လှမ်းဟောက်လိုက်တော့ တစ်ကားလုံးပွဲကျသွားလေသည်။သူငယ်ချင်းတစ်သိုက်ရဲ့ စနာက်မှုတွေအောက် ကိုယ့်မသိစိတ်က ထွက်ပေါ်လာတဲ့ ရင်ခုန်သံတစွန်းတစကို အသာနားထောင်နေမိသည်။သြော် အချစ်ဆိုတာ ဒါပဲလားမသိ။စီးလာသည့် ကားကလေးကတော့ အရာရာကို သူနှင့်မဆိုင်သလို ဥပက္ခာပြုရင်း လေကိုထိုးခွင်းကာ တရိပ်ရိပ်ပြေးလွှားနေဆဲ။ထိုအချိန်တွင် ကောင်းကင်၌ လျှပ်စီးတစ်ချက်လက်သွားသည်ကို ကျွန်တော်အပါအဝင် ကားပေါ်ပါလာသူ သူငယ်ချင်းအားလုံး မည်သူမျှ သတိထားမိမည်မထင်မိ။

လျှပ်ရောင် တပြတ်စာအောက်
ရေမှုန်မွှားတစ်ခုစာ ရင်ခုန်သံ
အစပျိုးခဲ့
မိုးကြောင့်
ချစ်တယ်လာတယ်
မိုးကြောင့်
ရင်ခုန်တက်လာတယ်
မိုးကြောင့်
လွမ်းတက်လာတယ်
ပြီးတော့ မိုးကြောင့်
ရင်နာတက်လာတယ်။

Kသာမိုး(မန်းမြေ)

အခန်း(၃)

"ကလင်...ကလင်...ကလင်.....ကလင်"
ကျွန်တော် အခန်းထဲတွင် စာအုပ်ဖတ်နေခိုက် ဖုန်းဝင်လာသည်။Contacts List ကိုကြည့်မိတော့ ပန်းအိဖြူ။
"ဟဲလို..အေး သူငယ်ချင်းပြော...."
"အေး နင် မနက်ဖြန် အားလား"
"အေး အားတယ်လေ ဘာလို့လဲ"
"ငါတို့ မေမြို့တက်ကြမလို့ နင်လိုက်မယ်မလား"
"လိုက်တော့ လိုက်ချင်သားဟ ဒါပေမယ့် သုံးစရာ ပိုက်ဆံပြတ်နေတယ်ဟာ"
"လိုက်မှာသာလိုက်ခဲ့ အထွန့်မတက်နဲ့ တစ်ပြားမှ ပေးစရာမလိုဘူး နင်စားချင်တာရှိရင် ငါဝယ်ကျွေးမယ်"
"အေးပါ အဲ့တာဆိုလဲ လိုက်ခဲ့မယ် ရှက်တော့ အရှက်သားဟ အဟီး"
"ကောင်စုတ် ဘာရှက်စရာရှိလို့လဲ မနက်ဖြန် မနက် (6) နာရီလောက် အဆင့်သင့်ပြင်ထားလိုက် ငါတို့ လာခေါ်မယ်"
"အေးပါ ငါစောင့်နေလိုက်မယ်"
"အင်း ဒါဆို နက်ဖြန်မှ ဆုံကြတာပေါ့..bye"
"OK"
"တီ...တီ...တီ...တီ"
တစ်ဖက်မှ ဖုန်းချသွားလေပြီ။ထိုစဉ် ရင်ခုန်သံသည် ပို၍ ကျယ်လောင်လာသည်။အွန်း ခက်တော့ ခက်ချေပြီ။မနက်ဖြန် ရင်အခုန်လွန်ပြီး ရှက်ရမ်းရမ်းကာ တလွဲတွေလုပ်မိကုန်မှ ဒုက္ခ။ကိုယ့်အကြောင်းတော့ ကိုယ်သိသည်။ကိုယ်က တစ်ခါတလေကျ အူကြောင်ကြောင်ရယ်။

-----------------------------

ကားလေးတစင်းသည် ပြင်ဦးလွင်ရဲ့ ခြောက်ထပ်ကွေ့ လမ်းကလေးပေါ်၌ တရိပ်ရိပ် ပြေးလွှားခရီးနှင်နေသည်။နွေရာသီ ကုန်လို့ မိုးတွင်းဝင်နေပြီ ဖြစ်သော်လည်း ပြင်ဦးလွင်လို့ တောင်ပေါ်ဒေသတွေကတော့ ညလယ်နှင့် မနက်အစောပိုင်းတို့တွင် အအေးဓာတ်က ကဲနေစမြဲ။ပြင်ဦးလွင် အတက်လမ်း၏ သဘာဝရှူခင်းများကို ခံစားကာ အတွေးထဲမှ သဘာဝအလှတရားများကို စီကာပတ်ကုံးနှင့် ကဗျာစီနေလိုက်သည်။ကားထဲတွင် သီဟ၊ ရန်နိုင်၊ ဧပရယ်နှင့် ပန်းအိဖြူတို့ကတော့ စနောက်ပျော်ရွှင်နေကြသော်လည်း ကျွန်တော်ကသာ ငါးမည်ရ တောင်လှေကားမြို့တော်၏ နံနက်ခင်းအလှအပများကိုသာ ခံစားရင်း လိုက်ပါလာခဲ့သည်။
"ဟဲ့ ကာရန်"
"ဗုဒ္ဓေါ!"
"ဟောတော့ ခိခိခိခိ နင် ဘာဖြစ်နေတာလဲဟ ငါကြည့်နေတာ နင်တစ်လမ်းလုံးမှိုင်နေတာ ဘာလဲ နေများမကောင်းလို့လား"
ကားနောက်ခန်းတွင် ချောင်ကပ်၍ ထိုင်နေသောကျွန်တော့်အား ပန်းအိဖြူမှ လှမ်း၍မေးရင်း နဖူးလေးအား လာ၍စမ်းလာသည်။
"ဟယ်...စိတ်ပူတက်တယ်တော့.. အဟမ်း...ဟမ်း သိနေတယ်နော် ဒီနှစ်ယောက် သိပ်မရိုးတော့ဘူး"
ဧပရယ်က ဝင်၍နောက်လိုက်ရာ ပန်းအိဖြူမှ မျက်နှာကြီးရဲတက်လာသည်။
"ဟာ...နင်ကလဲ ဘာမှန်းလဲမသိဘူး ငါက စိုးရိမ်လို့မေးကြည့်တာပါဟ"
ထိုအခါ ရန်နိုင်က ကားမောင်းနေရာမှ...
"ဟမ်..ငါတို့ကျ မစိုးရိမ်ဘူးပေါ့ ဟား..ဟား.. ဧပရယ်ရေ ပေါ်ကုန်ပြီဟေ့"
"ဟာ ရန်နိုင် နင်နော်"
သီဟကပါ ဝင်၍...
"ဟား..ဟား ရှက်မနေပါနဲ့ ပန်းအိဖြူရယ် ဝန်ခံလိုက်စမ်းပါဟ ငါ့သူငယ်ချင်းကြီး ကာရန်က လူရိုးလူအေးကြီးပါ ပြောရမှာ ရှက်နေရင်တောင် ငါတို့ အောင်သွယ်ပေးမှာပေါ့ဟ"
"ဟဲ့ မိန်းကလေးက ဝန်ခံရမှာလားဟဲ့ နင်က ပြောလိုက်မှဖြင့်လေ..."
ထိုအခါ ဧပရယ်မှ ဝင်၍...
"ဟောတော့ ပြောမယ့်ပြောတော့လဲ ဒဲ့ကြီးပါလားဟဲ့"
ပန်းအိဖြူသည် တစ်ရှက်ထက် နှစ်ရှက်ပိုသည်းသွားကာ
"ဟာ နင်တို့ကလဲကွာ...."
သီဟက
"လုပ်မနေနဲ့ မမ ကာရန်က အဲ့လိုပဲ အေးအေးဆေးဆေးနေတဲ့သူ တစ်နေကုန်မှ စကားတစ်ခွန်းတောင် သူစိတ်ပါမှ ပြောတာ အခု သူ့ကို ပျော်အောင်ထားဖို့ နင့်တာဝန်ပဲ ငါတို့လဲ ရေခဲမုန့်စားချင်လှပြီ.."
"ဟာ နင်တို့ ပြောလေ ကဲလေ အရေးထဲ သီဟကလဲ ငတ်ကြီးကျနေသေးတယ် ဒီမှာ ရှက်လို့သေတော့မယ်"
"ဟား....ဟား...ဟား...ဟား..."
သီဟတို့ကတော့ စနောက်ရင်း ပျော်ရွှင်နေကြသည်။သူတို့ရဲ့ အရွှတ်အနောက်တွေကြား ကာယကံရှင်ဖြစ်သော ကျွန်တော့်မှာသာ..........။

အခန်း(၄)

အပျော်ကနေ အပျက်ဖြစ်ခဲ့ရတယ်ပဲဆိုမလား..။သူနဲ့ကျွန်တော် မေမြို့ကပြန်လာပြီး တစ်လလောက်အကြာ ချစ်သူရည်းစားတွေ ဖြစ်သွားကြတယ်ပေါ့ဗျာ။သူ...ကျွန်တော့်အပေါ် အရမ်းလဲ ချစ်ခဲ့ပါတယ်။ပြီးတော့ ကျွန်တော့်အပေါ် ဂရုစိုက်မှုတွေ အပြည့်အဝပေးခဲ့တယ်..။သူက ချမ်းသာတယ်လေ။ကျွန်တော်က မရှိဆင်းရဲသား။ဒါပေမယ့်ပေါ...သူ ကျွန်တော့်အပေါ် နဲနဲလေးမှ စိတ်မပျက်ခဲ့ဘူး။ကျွန်တော်လိုချင်တာ ကျွန်တော်လိုအပ်တာ မှန်သမျှ သူ ဖြည့်ဆည်းပေးခဲ့တယ်။တစ်ခုပဲ ရှိတာ..။သူက အပျော်အပါးကို ခုံမင်တယ်လေ။သူမရောက်ဖူးသေးတဲ့ နေရာဒေသတွေဆို သူက အရမ်းသွားချင်တာ....။ကျွန်တော်တို့တွေ ချစ်သူတွေဖြစ် မိဘတွေကို ဖွင့်ပြော စေ့စပ်ပြီး မင်္ဂလာမဆောင်ရသေးခင် အချိန်ကာလတစ်ခုကြားမှာပေါ့.............။
အဲ့ဒီနေ့က..........

-------------------------------

"ဘာ!"
ကျွန်တော် အံ့သြမှင်တက်စာဖြင့် ရေရွတ်မိလိုက်ခြင်းဖြစ်သည်။ရန်ကုန်ကို သူ့အဒေါ်နဲ့ ဘုရားဖူးသွားမယ်တဲ့။ဒါဟာ သာမန်ကိစ္စတစ်ရပ်ပါပဲ။ဘာမှ မထူးဆန်းပါဘူး။သို့ပေမယ့် ကျွန်တော့် စိတ်ထဲ ထင့်သွားသည်။တစ်ခုခုကိုလဲ စိုးရိမ်နေသလို ခံစားနေရသည်။
"ချစ် ဖြစ်နိုင်ရင် မသွားပါနဲ့လားကွာ မောင်စိတ်မချဘူး မောင့် စိတ်ထဲ တစ်ခုခု ထင့်နေသလို ခံစားနေရတယ် တစ်ခုခုကိုလဲ ဖြစ်မှာကိုလဲ အရမ်းစိုးရိမ်နေတယ်"
"ဘာမှမဖြစ်ပါဘူး မောင်ရဲ့ မောင်အစိုးရိမ်လွန်နေတာပါ ချစ်က သွားနေကျပါ ပြီးတော့ အဒေါ်လဲ ပါတယ်လေ ချစ်ဘာမှမဖြစ်စေရပါဘူး မောင်ကလဲ"
သူက ချစ်စဖွယ်အမူယာလေးနှင့် ပြောလာတော့ ကျွန်တော် တစ်ချက် တွေကနဲဖြစ်သွားသည်။
အမှန်ပဲ ကျွန်တော် အစိုးရိမ်လွန်နေလို့များလား...။
"မောင်......ဘာဖြစ်နေတာလဲကွာ ချစ် မကြာပါဘူး ငါးရက်ထဲနေမှာပါ အဲ့ဒီကပြန်လာရင် ချစ်တို့ လက်ထပ်ဖို့ စီစဉ်ကြတော့ပေါ့ နော်လို့မောင်...နော်..."
ကျွန်တော် စိုးရိမ်စိတ်များကို ခါထုတ်ပစ်လိုက်သည်။
"အင်းပါ...ဒါဆိုလဲ ဂရုစိုက်သွားပါနော်..ချစ် ကားကိုလဲ ဖြည်းဖြည်းမောင်ပါနော် ချစ်ပြန်လာရင် မောင်တို့ လက်ထပ်ဖို့ စီစဉ်ကြတာပေါ့"
"မောင်ကလဲကွာ ကလေးလေးကျနေတာပဲ အင်းပါ ဟုတ်ပါပြီ ချစ် မောင့်အနားက အကြာကြီးလဲ ထွက်မသွားချင်ပါဘူး ပြီးတော့ ချစ် မောင့်တစ်ယောက်ထဲကိုပဲ ချစ်တယ် ချစ် ဘယ်နေရာ ဘယ်ဘဝရောက်ရောက် မောင့်အနားမှာပဲ အမြဲရှိနေမှာပါ ဟုတ်ပြီလား"
ထိုသို့ပြောပြီး ကျွန်တော့်ပါလေးအား ရွှတ်ကနဲ နမ်းလိုက်သည်။အမှတ်တမဲ့မှ အမှတ်တရသို့ဆိုသည့် စကားလေးအတိုင်းပဲလို့ ဆိုနိုင်မလား..။ထိုစကားလေးတစ်ခွန်းကြောင့် ကျွန်တော့်ဘဝတစ်ခုလုံး စုတ်ပျက်သတ်ခဲ့သည် ဆိုပါလျှင်..........။

အခန်း(၅)

ကောင်းကင်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။လျှပ်စီးရောင်များကလဲ တဝင်းဝင်းလက်နေသည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သည်းသည်းမည်းမည်း ရွာချနေသော မိုးရေစက်များအား ထိုးခွင်းကာ ကားတစ်စီးသည် အရှိန်နှင့် ပြေးလွှားနေသည်။တစ်ချက်တစ်ချက် ချိန်းလိုက်သော မိုးခြိမ်းသံများက မြေပြင်သို့ပင် တုန်ဟီးသွားသည်ဟု ထင်မှတ်စရာပင်။ပန်းအိဖြူသည် ဝုန်းဒိုင်းကြဲရွာချနေသော မိုးရေစက်များကြား ကားအား ဂရုစိုက်၍ ထိန်းကျောင်း မောင်းနှင်နေသည်။ကားနာရီဒိုင်ခွက်အား လှမ်းကြည့်မိတော့ နံနက်(၁) နာရီသို့ ညွန်ပြနေသည်။ပါလာသည့် အဒေါ် ဒေါမိုးဖြူကလဲ အိပ်ပျော်နေချေပြီ။မိန်းမသားနှစ်ယောက်ထဲ ပါလာသည့် ညရေးညတာ ခရီးထဲ မိုးကပါရွာနေတာမို့ ကြောက်ကြောက်နှင့် လီဗာကိုသာ ဇွတ်ဖိနင်းနေမိသည်။ရန်ကုန်မှ မိတ်ဆွေများက မနက်မှ ပြန်ရန်တားသော်လဲ မန္တလေးမှာ ကာရန်နှင့် လက်ထပ်ဖို့ကိစ္စ စီစဉ်ရဦးမည်။အချိန်က သိပ်မလိုတော့ ။ အခုချိန်ထိ ဘာမှ မပြင်ဆင်ရသေး။သူ ကာရန်ကိုချစ်သည်။ကာရန်နှင့် အမြန်ဆုံးနီးစပ်ချင်နေမိသည်။ဒီက ပြန်လာရင် ကာရန်မကြိုက်တဲ့ ခရီးထွက်တာတွေ ဘာတစ်ခုမှ မလုပ်တော့ဟု စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ယခုလည်း သူအရမ်းချစ်တဲ့ ကာရန်နှင့် နီးစပ်ခွင့် ရတော့မည်ဖြစ်၍ အပျော်လွန်ကာ ညတွင်းချင်းပင် ခရီးပြင်နှင်ခဲ့သည်။ယခု အခြေနေနှင့် ဘယ်လိုမှ ရှေ့ဆက်ရန် မဖြစ်တော့။နေပြည်တော် ရောက်မှသာ ညအိပ်ပြီး မိုးလင်းမှပဲ ခရီးဆက်ရတော့မည်။နေပြည်တော်သို့ ရောက်ရှိရန်ကလဲ သိပ်မလိုတော့။ထိုကြောင့် ကားကို အရှိန်မြင့်လိုက်သည်။
"ဝေါ...........ကျွီ..........ဒုန်း......"
မည်သို့မည်ပုံ ဖြစ်သွားသည်မသိ။ကားလေးသည် နောက်ဘီးခါရမ်းသွားပြီ လမ်းဘေးချောက်ထဲသို့ ခေါင်းစိုက်ကာ ရပ်တန့်သွားသည်။ပန်းအိဖြူသည်လည်း ကားရှေ့လေကာမှန်မှတဆင့် လွင့်စင်ကာ ကျောက်တုံးနှင့်ခေါင်းနှင့် သွားဆောင့်မိလေသည်။ထို့နောက် စီးကျလာသော သွေးစက်များကြားမှ အားယူကာ "ကာရန်" ဟု ခပ်ဖွဖွရေရွတ်မိလေသည်။ထို့နောက်တွင်တော့ မည်သည့်အသံမှ ထွက်မလာတော့။လောကတစ်ခုလုံးလဲ အမှောင်အတိကျသွားလေပြီ။
( ထိုအကြောင်းရာများသည် ပန်းအိဖြူနှင့်အတူ လိုက်ပါသွားသော ပန်းအိဖြူအိ အဒေါ်တော်စပ်သူ ဒေါ်မိုးဖြူမှ ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။ဒေါ်မိုးဖြူသည် ၎င်းအက်စီးဒင့်တွင် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး နောင်တွင် တောင်ကြီးမြို့သို့ အပြီးတိုင်ပြောင်းသွားသည်ဟုသာ သတင်းသဲ့သဲ့သာကြားမိသည်။ပန်းအိဖြူ၏ မိဘများသည်လည်း ယခုအခါ နိုင်ငံခြားသို့ အပြီးတိုင်ပြောင်းရွှေ့သွားခဲ့သည်။သူ့အဒေါ်ရော သူ့မိဘတွေပါ ဘယ်မှာနေသည် ဘာလုပ်သည်ဆိုတာကိုတော့ ယခုအချိန်ထိ သတင်းအစနပင် မရတော့ချေ။သူငယ်ချင်းများဖြစ်သော ရန်နိုင် ဧပရယ် နှင့် သီဟ တို့သည်လည်း တစ်နယ်တစ်ကြေးသို့ ထွက်ခွာသွားခဲ့ကြပြီး ယနေ့အချိန်ထိ အဆက်သွယ်မရတော့ချေ။ - စာရေးသူ)

"ကလင်.....ကလင်....ကလင်...."
"ဟဲလို...အမိန့်ရှိပါ..."
"ဗျာ......."
အမြန်လမ်းရဲတပ်ဖွဲ့မှ ဖုန်းဆက်အသိပေးအကြောင်းကြားလာခြင်း ဖြစ်သည်။ကျွန်တော့်ခေါင်းထဲ ထူပူသွားသည်။ဘာဆက်လုပ်ရမည်မှန်း မသိတော့။ဒူးများသည်လည်း ညွှတ်ခွေကျချင်လာသည်။ကျွန်တော် အားယူကာ သူငယ်ချင်းဖြစ်သော သီဟ ရန်နိုင် နှင့် ဧပရယ်တို့ဆီ ဖုန်းဆက်အကြောင်းကြားလိုက်သည်။သူတို့လဲ ချက်ချင်းလိုက်လာကြသည်။
"ကာရန် ဘယ်လိုဖြစ်တာလဲ သူ အခု ဘယ်ဆေးရုံမှာတဲ့လဲ"
ဧပရယ်က အလောတကြီး မေးလာသည်။
"အေး...သူ အခု နေပြည်တော်က (......) ဆေးရုံမှာ အခြေနေတော်တော်စိုးရိမ်ရတယ်တဲ့"
ကျွန်တော့် မျက်ဝန်းအိမ်မှ ထွက်ကျလာသော မျက်ရည်များကြားမှ အားယူကာ ပြောလိုက်သည်။သီဟ နှင့် ရန်နိုင်တို့က
"ကာရန်..မင်းစိတ်ထိန်းနော် သူငယ်ချင်း သူ ဘာမှမဖြစ်လောက်ပါဘူး စိတ်ထိန်းထားနော်သူငယ်ချင်း.."
"ဟာ မင်းတို့က ပြောနေတာကြာတယ် လာ အခုပဲ လိုက်သွားမယ် ကာရန် မင်း လိုအပ်တာ ထည့်ယူခဲ့သော သွားမယ် မြန်မြန်လေးလုပ်"
သို့နှင့် လိုအပ်သည်များကို အမြန်ယူကြရင်း ကားကိုလဲ အပြင်းမောင်းနှင် ထွက်ခွာလာခဲ့ကြသည်။ကျွန်တော်တို့ အားလုံး၏ မျက်နှာပေါ်တွင်လဲ စိုးရိမ်မှုနှင့် မျက်ရည်များ ရောထွေးနေကြသည်။

ဆေးရုံအရေးပေါ်လူနာလက်ခံဆောင်အတွင်းသို့ ရောက်တော့ လူနာကုတင်ပေါ်၌ ပန်းအိဖြူသည် ဒဏ်ရာများ ဗလပွနှင့် ငြိမ်သက်နေသည်။ကျွန်တော့်ရင်ထဲ နင့်သွားသည်။ဘေးနားတွင် သူ၏ မိဘများဖြစ်ကြသော ဒေါ်ဥမ္မာနှင့် ဦးမျိုးထွန်းတို့သည်လည်း ပန်းအိဖြူအား ကြည့်ကာ ရှိုက်ကြီးတငင်ငင်ငိုနေကြသည်ကို တွေ့လိုက်ရသည်။ဘေးနားတွင် ရပ်နေသော ဆရာဝန်သည် သက်ပြင်းရှည်ကြီးကိုချကာ လှည့်ထွက်လာသည်။
"ဆရာ...ဆရာ လူနာအခြေနေလေး ဘယ်လိုနေလဲ ပြောပါဦးဆရာ လူနာ အခြေအနေလေး ဘယ်လိုရှိလဲဆရာ"
ကျွန်တော် ငိုသံပါနေသော စကားတို့ဖြင့် ဗလုံးဗထွေး ပြေး၍ မေးလိုက်သည်။
"Sorry ပါဗျာ..ကျွန်တော် စိတ်မကောင်းပါဘူး လူနာ အသက်မရှိတော့ပါဘူး...ဆေးရုံရောက်ရောက်ချင်း တစ်နာရီအကြာမှာ ဆုံးသွားတာပါ...ဦးနှောက်ထဲ သွေးရောက်သွားတယ်..ကျွန်တော်တို့လဲ အတက်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် လူနာရဲ့အသက်ကို မမှီလိုက်ဖူးဗျာ......"
"ဗျာ...ဟင်...ဟာ.."
"ဟုတ်တယ်..သား....... ပန်းအိဖြူအသက်မရှိတော့ဘူး.... နင်အရမ်းချစ်တဲ့ နင့်ဇနီးလောင်းလေး ဆုံးပြီဟဲ့ ဆုံးပြီ အဟင့်.....ဟင့်....ဟင့်...."
ရုတ်တရက် ကျွန်တော် အံသြမှင်သက်မိနေရင်း ပန်းအိဖြူ နောက်ဆုံးအနေနှင့် ပြောသွားခဲ့သော စကားသံများအား နားထဲတွင် ပြန်လည်ကြားယောင်လာသည်။
"မောင့်ကို အရမ်းချစ်တယ် ချစ်ဘယ်ဘဝရောက်ရောက် မောင့်အနားမှာပဲ အမြဲရှိနေမှာပါ ချစ်မောင့်ကို ဘယ်တော့မှ ထားမသွားပါဘူးလို့ ချစ် ကတိပေးပါတယ်မောင်......."
ကျွန်တော့်အမြင်တွေ ဝေဝါးကာ မိုက်ခနဲ ဖြစ်သွားသည်။သူငယ်ချင်းတွေရဲ့ စိုးရိမ်ပူပန်မှုနှင့် အော်ဟစ်ခေါ်ငင်သံတွေက နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်။ထို့နောက် ကျွန်တော် မည်သည့်အရာ မည်သည့်အသံမှ ကြားနိုင်စွမ်း မြင်နိုင်စွမ်းမရှိတော့..။အရာအားလုံး အမှောင်အတိကျ တိတ်ဆိတ်သွားခဲ့ချေပြီ။

အခန်း(၆)

ကျွန်တော် သူအသက်ရှိစဉ်က အရမ်းနှစ်သက်ခဲ့တဲ့ နှင်းဆီပန်း အနီရဲရဲလေးတစ်စည်းကို လက်ထဲမှာကိုင်ရင်း အသိကင်းမဲ့နေသည့် လူတစ်ယောက်လို သူ၏ အသစ်စက်စက်အုတ်ဂူရှေ့၌ တွေတွေကြီး ရပ်နေမိသည်။မနက်ကတင် ကျွန်တော် အရမ်းချစ်ခဲ့ရတဲ့ သူ့အား ဂူသွင်းသင်္ဂြိုလ်ပြီးခဲ့လေပြီ။မနက်ကထဲက သည်းထန်စွာ ရွာချနေသော မိုးများ အခုချိန်ထိမတိတ်နိုင်သေး။ကံတိုးမသွားရာ မိုးလိုက်လို့ရွာဆိုသည့် စကားအတိုင်းပဲလား။ ဒါမှမဟုတ် ကျွန်တော့်မျက်ဝန်းအိမ်က စီးကျလာမဲ့မျက်ရည်တွေကို သူ မကြည့်ရက်လို့ပဲလား။အရာရာတိုင်းက ကျွန်တော့်အား ပို၍ နာကျင်စေခဲ့သည်။
"စိတ်ချပါ....ချစ်မောင့်ကို တစ်ဘဝစာ နှုတ်မဆက်ပဲထားသွားခဲ့ပေမယ့် ချစ်ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ပြီးတော့.... မောင့်ကို အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် အရမ်းမြင်ချင်တယ်ဆိုတဲ့ ချစ်ပြောခဲ့တဲ့စကားအတိုင်း မောင် ဖြစ်အောင်ကြိုးစာပါ့မယ်....ချစ်မောင့်အနားမှာ ရှိနေသေးတယ်လို့ မောင် ယုံကြည်တယ်"
ကျွန်တော် ထိုစကားမျှသာ ပြောနိုင်တော့သည်။ဆက်ပြောဖို့ပင် အားမရှိတော့။ထောက်ထားသည့် ခြေထောက်များသည်လည်း ညွတ်ခွေကျချင်လာသည်။
"ကာရန်..... ငါတို့ ပြန်ရအောင်ကွာ မိုးရွာထဲရပ်နေတာ မင်း အတော်ကြာနေပြီ အအေးပတ်လိမ့်မယ်..သူ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်ပါစေတော့ကွာ သူ မင်းအနား ရှိနေပေးမှာပါ မင်းအားမငယ်ပါနဲ့ လာ.... သွားရအောင်ကွာ...."
သီဟနှင့် ရန်နိုင်တို့က ကျွန်တော့်ပုခုံးအား လာပုတ်၍ အားပေးနှစ်သိမ့်ပြီး တွဲခေါ်သွားကြသည်။သည်းထန်နေသော မိုးစက်များကြားမှ.....
ပန်းအိဖြူ
အသက် (၂၃) နှစ်
ဟူသော အမည်နာမနှင့် အုတ်ဂူလေးတစ်လုံးသည် ကျွန်တော်တို့၏ နောက်၌ တဖြည်းဖြည်း ဝေး၍ ဝေး၍ ကျန်ခဲ့လေပြီ......။

နောက်ဆုံးစက္ကန့်လေးထဲ
ဖြေမပြေနိုင်တဲ့ မျက်ရည်မိုးတွေရွာချ
နင့် အုတ်ဂူလေးရဲ့
တစ်ဘဝစာ အိပ်စက်အနားယူခွင့်အောက်မှာ
ငါ့ချစ်ခြင်းတွေ
အမည်နာမကင်းစွာ သေဆုံးစေခဲ့ပြီ....

ဒိုင်ယာရီစာအုပ်လေးထဲ
ဆက်ရေးပိုင်ခွင့် မရှိတော့တဲ့
အိပ်မက် တစုံတရာလား....
အညတြလူသားတစ်ယောက်အတွက်
ညရဲ့ ဝတ်လွှာပေါ်မှာ
ဝိုးတဝါး ပျောက်ကွယ်သွားတဲ့
ယုံတမ်းစကား ပုံပြင်တစ်ပုဒ်သာသာရယ်လေ....

မိုး..........
အခါခါငါ ရေရွတ်မိ
မိုး..........
အခါခါငါ ပေါက်ကွဲမိ
မိုး..........
အခါခါငါ ငိုကြွေးမိ

အထီးကျန်ဆန်တဲ့ မိုးညတိုင်းမှာ
ဆွေးမြေ့သံစဉ်တစ်ပုဒ် တီးခတ်
ထစ်ချုန်းမိုးနဲ့အပြိုင်
ရူးမိုက်စွာ ဟစ်အော်မိနေဆဲ....

ငါ နမ်းခွင့်မရခဲ့တဲ့
ကျိန်စာသင့် နှုတ်ခမ်းပါးတစ်စုံဟာ
ရင်နှင့်ရင်း၍ ရွာသောမိုးညတိုင်းမှာ
လှလှပပ ဒဏ်သင့်နေဆဲ
လှလှပပ ရှင်သန်နေဆဲ။

Kသာမိုး(မန်းမြေ)

ပြီးပါပြီ............................

လူသားအားလုံး
         ချစ်သာသူနှင်ကွေကွင်းရခြင်းမှ
                      လွတ်မြောက်နိုင်ကြပါစေ.........

26/9/2018(6:54 pm)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...