Sep 28, 2018

ဆက်သွယ်မှု ဧရိယာပြင်ပ

ဆက်သွယ်မှု ဧရိယာပြင်ပ
~~~~~~~~~~~Kသာမိုး(မန်းမြေ)

မအားသေးပါဆိုတဲ့ ပြန်ဖြေသံလေးကို
ခေါင်းအုံးခုအိပ်ရင်
သတိတရစိတ်တွေကို နာနာကျင်ကျင်ချိုးနိုမ်ထားမိတယ်

အချစ်က ဆက်သွယ်မှုဧရိယာပြင်ပမှာလား
ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပမှာလား
ငါကပဲ ဆက်သွယ်မှုဧရိယာပြင်ပမှာလား
အတိတ်ကိုပြန်လှန်ကြည့်မိတိုင်း
အိပ်မက်ကလန့်နိုးလာတဲ့သူလို စိတ်ကဂယောင်ခြောက်ခြား
ဒီလို နေ့စွဲတွေနဲ့ပဲမိတ်ဖွဲ့
နေသားတကျ ရှိနေခဲ့တာလည်း
ကြာပါပြီလေ.....

လမ်းဟောင်းလေးပေါ်မှာတော့ ငါ့သွေးတွေကစီးနေဆဲ
ချော့တစ်ခါခြောက်တစ်လှည့် ချည်ခဲ့တဲ့ကြိုးတွေပြတ်သွားတော့
တစ်ခါတစ်ခါ
မီးပင်လယ်ထဲ လက်ပစ်ကူးမိတဲ့လူလို
အလွမ်းတွေက အရမ်းပူတယ်

နင် အဆင်ပြေမှာပါဟာ
အတွေးတချို့နဲ့ ယိုပေါက်တွေကိုဖာထေးရင်
အဆုံးမရှိတဲ့ အစမှာ
အဖော်မဲ့ ငိုညည်းနေတုန်း
ငါလည်း ဆက်သွယ်မှုဧရိယာပြင်ပပေါ်
ရောက်မှန်းမသိ ရောက်ခဲ့ရ

နင်လည်း ဆက်သွယ်မှုဧရိယာပြင်ပမှာ..
ဖုန်းလည်း ဆက်သွယ်မှုဧရိယာပြင်ပမှာ...
ငါလည်း ဆက်သွယ်မှုဧရိယာပြင်ပမှာ....
ငါ့ရင်ဘတ်လည်း ဆက်သွယ်မှုဧရိယာပြင်ပမှာ...

Kသာမိုး(မန်းမြေ)
29/9/2018(4:44 am)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...