Sep 19, 2018

စက္ကူပန်းရနံ့များ

စက္ကူပန်းရနံ့များ
~~~~~~~Kသာမိုး(မန်းမြေ)

(1)
ရုတ်တရက် ငါ့ကိုဝင်တိုက်သွားတဲ့"ည"က
မှောင်တာလား.....
မည်းတာလား.....
နက်တာလား.....
ဘာမှကို ရေရေရာမသိဘူး
ဒါနဲ့ သောက်လက်စငိုသံတွေ
ဘေးနားခဏချထားမိတယ်
ကောင်းကင်ကို မော့ကြည့်တော့
ဒူးတုပ်ထိုင်နေတဲ့ လမင်းကြီးကလှမ်းပြောတယ်
"မင်း အိပ်ဖို့သင့်ပြီ"

(2)
ပင်လယ်ကို နွားသရေတပ်ပြီး
မော်ဒန်တွေ တီးခေါက်မိတယ်
မာယာတွေကပါ စည်းနဲ့ဝါးတွေလိုက်..လို့
ငါမုန်းနေတဲ့ ငါက
စပ်ဖြီးဖြီး မျက်နှာပေးနဲ့
စိတ်တိုလို့ အမုန်းနဲ့ကောက်ပေါက်လိုက်တာ
ဒဏ်ရာက အခုထိအနာရင်းနေတုန်းပဲ....

(3)
"သူ အရမ်းလှတယ်"
အနည်းဆုံး လောဘတော့ကပ်မိတာပေါ့
"ရနံ့တွေကင်းတယ်"
အလိုလို အနားရောက်သွားမိတယ်
"ဪ...စက္ကူပန်းပဲ"
ရှက်လွန်းလို့
အဲ့ဒီညကနေစပြီး မိုးမလင်းတော့ဘူး

Kသာမိုး(မန်းမြေ)
19/9/2018 (4:49 pm)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...