ငါတို့ သူငယ်ချင်းတွေ
----------------Kသာမိုး(မန်းမြေ)
ရှေးတုန်းက ဒီဘဒ္ဒကမ္ဘာမှာ
သူငယ်ချင်းလေးယောက် ရှိခဲ့ကြဖူးတယ်။
ကြက်ဥနဲ့ကြက်မက ဘယ်ကအရင်ပေါက်တာလဲမေးတော့
အပြုံးလေးနဲ့ပဲ တည်တည်ငြိမ်ငြိမ်ပြန်ဖြေသွားတယ်
မေတ္တာတရားက အရင်ဖြစ်ခဲ့တာတဲ့
မင်း အလုပ်ကိစ္စနဲ့နိုင်ငံခြားသွားရမယ်ဆိုတော့
ငါတို့တွေ မျက်ရည်မဆည်နိုင်အောင်ချစ်ခဲ့ကြ
အခု မင်းမမေးလဲ
ငါဖြေရတော့မယ်သူငယ်ချင်း
ပြန်မလာတော့မယ့် နှုတ်ဆက်ခြင်းမှာ
တစ်သက်တာ နာကျင်စရာတွေက
မင်းစကားတွေပါ
ရေမြေခြားတိုင်းတစ်ပါးမှာ အဆင်ပြေပါစေငါ့သူငယ်ချင်း
Good Luck ပါ သီဟ။
အသံကြားရင် မှတ်မိပါတယ်
နင့်အသံညောင်နာနာလေးက
ငါတို့တွေကို ဟာသအဖြစ်ဖန်တီးပေးခဲ့
လူ့လောကမှာ
အသံထက် သူ့လုပ်ရက်ကပိုအရေးကြီးတယ်ဆို
နင်နှလုံးရောဂါနဲ့ အမောဖောက်တော့
ငါတို့ဖြင့် စိတ်တွေပူလိုက်ရတာဟာ
ဟုတ်ပါတယ် နင်ပြောခဲ့တဲ့အတိုင်းပါပဲ
ငါတို့တွေက
နင့်အသံထက် နင်လုပ်ရက်တွေကိုပြန်အမှတ်ရနေကြတယ်
နင့်အိမ်ရဲ့ လသာပြင်မှာ
ရေကန်ဘေးက ခုံတန်းလျားလေးတွေမှာ
ငါတို့ပုံရိပ်တွေ ရှိခဲ့တယ်
R.I.P ပါ ဧပရယ်
ငါတို့တွေ
နင့်အသံကြားရင် နင့်ကိုမှတ်မိကြပါတယ်ဟာ။
ငါတို့လေးယောက်ထဲမှာ မင်းကအဆိုးဆုံးပဲ
ဘီယာနဲ့ဆေးလိပ်ကို မက်မက်စက်စက်သောက်တဲ့ကောင်
ခွေးသူတောင်းစား
သီဟနဲ့ဧပရယ်မရှိတော့ မင်းကပိုပိုဆိုးလာတယ်
မင်းနဲ့ငါ အဆောင်ရှေ့မှာဂစ်တာတီးရင်း
တစ်ညထဲနဲ့ ဆေးလိပ်တစ်ဗူးကုန်အောင်သောက်ပြခဲ့တယ်
ပြောတော့ ငါတို့ကိုမင်းအရမ်းချစ်ပါတယ်ဆို
မင်းခရီးထွက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်ခဲ့တော့
မင်းနာရေးကို ငါမလာဖြစ်လိုက်ဘူးသူငယ်ချင်း
မှတ်မိသေးတယ်
မင်းကို ကားဂိတ်လိုက်ပို့တော့
ဘီယာဆိုင်ထိုင်ရင်း ငါမင်းကိုမှာလိုက်သေးတယ်
ငါမရှိတဲ့အချိန် ဆေးလိပ်တွေလျှော့သောက်ပါ
မင်းဦးလေးနဲ့လည်း သင့်မြတ်အောင်နေပါလို့
အေးပါလို့တစ်ခွန်းပဲပြောပြီး ဆေးလိပ်နောက်တစ်ပွဲထပ်မှာတဲ့ကောင်
မင်းအပေါ်မှာ ငါတာဝန်မကျေခဲ့ဘူးသူငယ်ချင်း
မင်းနောက်ဆုံးအချိန်မှာ ငါမင်းဘေးရှိမနေခဲ့ဘူး
Sorry ပါရန်နိုင်
ငါ့ကို ခွင့်မလွှတ်ပါနဲ့။
အားလုံးကတော့ ငါ့အနားကထွက်ခွာသွားကြပြီ
သီဟ၊ ဧပရယ်၊ ရန်နိုင်
ငါတို့က လောကကိုမေ့လျော့နေကြတာဟ။
တည်တည်ငြိမ်ငြိမ်နဲ့နေတက်တဲ့ သီဟလို
ငါ အခုချိန်မှာ တည်ငြိမ်တက်ခဲ့ပြီ
အသံညောင်နာနာ စူးစူးလေးနဲ့
ငါတို့အပေါ် အနွံတာခံခဲ့တဲ့သူ
ဘယ်လောက်ပဲစနောက်ပါစေ စိတ်မဆိုးပဲရယ်နေတက်တဲ့ဧပရယ်လို
ငါ အရာရာကိုခွင့်လွှတ်တက်လာပြီ
ဘီယာနဲ့ဆေးလိပ်ကြိုက်သလောက် သူငယ်ချင်းတွေအပေါ်
အမြဲစိတ်ပူပေးတဲ့ကောင်
သူငယ်ချင်းတွေ တစ်ခုခုအခက်အခဲဖြစ်ပြီဆို
ချက်ချင်းရောက်လာပြီး ကူညီဖေးမတက်တဲ့ကောင်
သူငယ်ချင်း ရန်နိုင်
မင်းမရှိတော့ ဒုက္ခရောက်နေတဲ့သူတွေအပေါ်
ငါ ကူညီတက်လာပြီ။
ငါတို့တွေက တကယ်တန်း
အားလုံးကို မေ့လျော့ခဲ့ကြတာ
ခွဲခွာခြင်း သင်္ခါရတရားအတွက်
ငါတို့တွေ အဆင်သင့်မဖြစ်ခဲ့ကြဘူး။
မင်းတို့မရှိတော့လည်း ငါကအရင်လိုပါပဲ
တစ်ယောက်ထဲ ကြိတ်ကြိတ်ငိုနေတက်တာကလွဲလို့
မင်းတို့မရှိတော့လည်း ငါကအရင်လိုပါပဲ
အဆွေးကဗျာတွေရေးပြီး တစ်ယောက်ထဲခံစားနေရတာကလွဲလို့
မင်းတို့မရှိတော့လည်း ငါကအရင်လိုပါပဲ
အတိတ်နေ့ရက်တွေကို လွမ်းဆွတ်နေတက်တာကလွဲလို့
ငါဟာ အရင်လိုပါပဲ။
ငါတို့ သူငယ်ချင်းတွေ
အားလုံးကတော့ ပြောင်းလဲသွားပေမယ့်
ခုချိန်ထိ မပြောင်းလဲသေးတဲ့သူတစ်ယောက်ရှိနေတယ်
ငါ အရင်လိုပါပဲ။
Kသာမိုး(မန်းမြေ)
16/1/2K20
No comments:
Post a Comment