လွမ်းလို့ရေးထားတဲ့ ကဗျာ
×××××××××××××××Kသာမိုး(မန်းမြေ)
မခွဲကြေးနော်ဆိုတဲ့ ကတိစကားက
အခုလို နာကျင်အောင်လွမ်းရဖို့အတွက်
ပေးခဲ့တာ မဟုတ်ကြောင်း
နှင်းစက်တွေက သက်သေရှိတယ်မိမာယာ။
အခုတော့
အေးခဲစပြုနေတဲ့ ဒိုင်ယာရီထဲမှာ
နင့်အကြောင်းထည့်ရေးဖို့
ငါ့မှာ မျက်ရည်အရင်ကျပြရတယ်။
မီးဖိုချောင်က စားပွဲလေးကိုလည်း
နင်မရှိတော့တဲ့အကြောင်း ပြောပြဖို့
ဆောင်းရာသီ ညချမ်းလေးကိုလည်း
နင်မုန်းသွားပြီဆိုတဲ့အကြောင်း
ငါ လွမ်းပြနိုင်ဖို့.....။
ချစ်သူများနေ့က
နင် ငါ့အိမ်လာလည်တော့
ငါ့ပန်းကန်ထဲရောက်လာတဲ့
နင်ထည့်ပေးတဲ့ ဟင်းလေးတစ်တုံးကအစ
အမှတ်တရအဖြစ် ထည့်လွမ်းနေရတယ်။
နင်တော်ပါတယ် မိမာယာ
ကတိကို ဥပေက္ခာနဲ့ဖြတ်ပြီး
သစ္စာတရားကို အရောင်ဆိုးခဲ့တဲ့မင်း။
ငါ့အတွက်တော့
မျက်လုံးထဲ မြင်သမျှမိန်းကလေးတိုင်းက
နင်ပါပဲ.....
နားထဲမှာ ကြားနေရသမျှက
နင့်အသံပါ.....။
ငါ မငိုပါဘူး မိမာယာ
နင့်ကို မေ့မရသေးတာကိုတော့
ငါ ဝန်ခံပါတယ်။
ဒီကဗျာက
နင်ပေးခဲ့တဲ့ဒဏ်ရာထဲက ကျလာတဲ့
နှလုံးသွေးတစ်စက်ပေါ့။
ငါ့ရဲ့ အဝေးက
မိမာယာ......။
Kသာမိုး(မန်းမြေ)
16/11/2K19
No comments:
Post a Comment