အပေတေတစ်ယောက်ရဲ့ လေလွင့်မှတ်တမ်းများ
============================Kသာမိုး(မန်းမြေ)
နေ့အိုတွေ တံခါးတစ်ချပ်ဆီပစ်လွှတ်လိုက်မိတယ်
မင်းလိုရာ သွားပေတော့
မက်မွန်သီးတစ်လုံးထဲနဲ့ မင်းငါ့ကိုမယစ်မူးစေနိုင်ဘူး
သက်သက်လွတ်စားတဲ့ ကျားတွေအကြောင်းပြောမယ်
ကြိတ်မှိတ်ပြီးငိုနေတဲ့ တိုင်ကပ်နာရီတွေပေါ်က
လက်တံအိုတွေအကြောင်းပြောမယ်
ကမ္ဘာကြီးက ပြောင်းပြန်လှန်နေတာ
ငါယုံကြည်တယ်
လက်ဝါးကပ်တိုင်ပေါ် တွဲလောင်းချိတ်ခံထားရတဲ့
နှင်းဆီပွင့်တွေ ငါ့ကိုလာဦးညွှတ်လိမ့်မယ်
ဟောင်းလောင်းပေါက်နေတဲ့ မ,သတ္တဝါတွေအကြောင်း
ငါ့နံရံမှာ ချိတ်ဆွဲထားခဲ့တယ်
အဲ့ဒီညက ငါအိပ်မနေခဲ့ဘူး
အို....သခင်
အသင်လိုရာ သွားပါတော့
ကျွန်ုပ်ကမ္ဘာကြီး ပြိုအက်ကွဲထွက်နေတော့မယ်
Kသာမိုး(မန်းမြေ)
15/12/2018
No comments:
Post a Comment