ငါမော့မသောက်ဖြစ်သေးတဲ့ တိမ်တွေ
~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
ကောင်းကင်ကို ရူးသွပ်နေတဲ့အခါ
စုတ်ပျက်နေတဲ့ ပါဒတွေက
ခပ်ရေးရေးအိပ်မက်တွေကို
မြိန်ယှက်စွာ စားသုံးဆဲ။
ဒီမြို့ရိုးကို ကျော်ဖြတ်ရမယ်
ည ညကျ ထ ထယောင်တဲ့ ဒဏ်ရာဟောင်းတစ်ချို့
မျက်ရည်တွေ ကခုန်နေလိုက်ကြပုံများ
သဲမရှိတဲ့ ကန္တာရလို
ဟင်းလင်းပြင်ကြီး။
အဝေးဆီက ဂန္တဝင်သံ
ရေးတေးတေး ကြားလာတော့
ငါသောက်နေတဲ့ နှစ်ချို့ဝိုင်ဟာ
တဖြည်းဖြည်းနဲ့ ခါးသက်လာခဲ့။
နရီအနိမ့်အမြင့်တွေကြား
ငါ့ဖားဖိုကြီး ဘယ်သူမီးလာငြိမ်းသလဲ
အဖြေကို မီးညှိကြည့်တော့
နစ်နေတဲ့ စည်းဝါးသံတစ်ချို့
ငါ့ရင်ဘတ် သေးနုပ်နုပ်လေးထဲ
ထွန်းလင်းလာကြ
ဗျည်းသရတွေရွာချလာရင်
စီးဆင်းမှုတွေထဲကလိုပဲ
ငါ့အတ္တဟာ ပြန်ရှင်သန်နိုင်ရဲ့။
အခါခါတွေး
အခါခါရေး
ငါ့ဖန်ခွက်ထဲက တိမ်တွေ
မော့မသောက်ဖြစ်ပဲ
အလှကြည့်နေရတာ
အရသာတစ်ခုပါ..။
Kသာမိုး(မန်းမြေ)
No comments:
Post a Comment