Oct 10, 2017

"ကျုပ် အဲ့ဒီနေ့ကအိမ်မပြန်ဘူး"

"ကျုပ် အဲ့ဒီနေ့ကအိမ်မပြန်ဘူး"
*********************

ကျုပ် အဲ့ဒီနေ့ကအိမ်မပြန်ဘူး
ခါးသက်မှန်းသိရက်နဲ့
ခူးဆွတ်ခဲ့တဲ့ တမာတွေက
ခုထိ လက်မှာအနံ့စွဲနေတုန်း........


သူ့ကိုစောင့်နေရင်း
ကျုပ် မိုးလင်းခဲ့ရတယ်
ဒါပေမယ့်
ကျုပ် အိမ်မပြန်ဘူး.........

မျဉ်းပြိုင်တွေရဲ့ ပတ်လမ်းတွေပေါ်မှာ
ရွှေ့လျားနေတဲ့ အစိုင်အခဲတွေက
ဘဝတွေပါလို့
ကျုပ် ဟစ်အော်ခဲ့ဘူးတယ်.......

ပန်းတိုင်ကိုရှာတယ်
လမ်းဆုံးကို ကြည့်တယ်
လမ်းမှာတွေ့တဲ့ ရေအိုးစင်ကရေခပ်သောက်တယ်
မိကျောင်းတစ်ကောင်ရဲ့ ဆာလောင်မွတ်သိပ်မှုတွေ
ကျုပ်တွေ့ခဲ့တယ်........

တဖြည်းဖြည်း ကွယ်ပျောက်လာတဲ့အလင်းရောင်တွေကြား
ကခုန်နေတဲ့ သူတွေ
ပြီးတော့
ရုပ်သေးဆရာရဲ့ လက်ချောင်းတွေအလိုကျ
လှုပ်ရှားပေးနေရတဲ့ ရုပ်သေးရုပ်တွေ
ကျုပ် မျက်ရည်ဝဲလာမိတယ်.........


သူ မှောင်တော့မယ်
ကျုပ် အိမ်မပြန်သေးဘူး.........

အဲဒီနေ့က
လမ်းဘေးမီးတိုင်ရဲ့
မာကျူရီမီးသီက အလင်းရောင်တွေအကြောင်း
ကျုပ် သူတို့ကိုပြောပြခဲ့တယ်.........

ညဥ့်မှာပျော်တဲ့ အတောင်ကျိုးငှက်ငယ်လေးတွေရဲ့
နာကျင်နေတဲ့ ဒဏ်ရာတွေအကြောင်း
ကျုပ် ပြောပြခဲ့တယ်...........

ခုံမင်မှုတွေရှေ့ထားလို့
ပေတံနဲ့တိုင်းနေတဲ့ အရှက်တရားတွေအကြောင်း
ကျုပ် ပြောပြခဲ့တယ်.........

ကစုန်စိုင်းပြေးနေတဲ့
မြင်းတစ်ကောင်ရဲ့ခြေရာတွေကို
ကျုပ် သူတို့ကို ပြပေးခဲ့တယ်.........

တောက်
ဒီကောင် စောက်ရူးပဲ
ဒီကောင် မိုက်ရိုင်းတယ်တဲ့
လက်ညိုးတွေ ဦးတည်ရာက
ကျုပ်မျက်နှာရှေ့မှာ.........

နားလည်လိုက်ပါတယ်
ကျုပ်ပစ်မိတဲ့ မြှားက
အဆိပ်ရည်မှ လူးမထားတာ........

ကျုပ်လည်း
လည်ပတ်နေတဲ့ နာရီလက်တံကြားက
ဘဝတွေကို ပြန်ဆွဲယူရင်း
သိက္ခာတွေနဲ့အတူ ဒူးထောက်လိုက်တယ်.........

ကျုပ် အဲ့ဒီနေ့ကစပြီး
အိမ်မပြန်တော့ဘူး..............။


MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...