" ဤမှန်သော သစ္စာစကားတို့ကြောင့် "
နိဒါန်း
****
"အရှင်ဘုရား ဘုရားတပည့်တော်သည် အကြင်သူအပေါ်၌ မျက်ရည်မခစေခြင်းငှါ သောကသည် အမှန်ပင်ဖြစ်တည်ခဲ့ပါသည်။
အရှင်ဘုရား ဘုရားတပည့်တော်သည် အကြင်သူအပေါ်၌ ထားရှိသော သစ္စာတရားတို့သည် အမှန်ပင်ဖြစ်ပါသည်။
အရှင်ဘုရား ဘုရားတပည့်တော်သည် အကြင်သူအပေါ်၌ တွယ်ငြိစွန်းထင်းခဲ့ပြီးသော မေတ္တာတို့သည် အမှန်ပင် ဖြူစင်ခဲ့ပါသည်။
အရှင်ဘုရား ဤမှန်သောသစ္စာစကားတို့ကြောင့် အကြင်သူသည် တူညီသောအကျိုး ဖြစ်စိမ့်သော မီးလိုပူလောင်ရခြင်းဒုက္ခ စွန့်လွှတ်ဆုံးရှုံးရခြင်း သောက ချစ်ခင်နှစ်သက်သောသူနှင့် ကွေကွင်းရခြင်းဝေဒနာတို့မှ လွတ်ကင်းပါစေသား။
အရှင်ဘုရား ဤမှန်သော သစ္စာစကားတို့ကြောင့် အကြင်သူသည် ပန်းလိုမွှေး၍ ရေလိုအေးမြပါစေသား။
အရှင်မြတ်ဘုရား.........။"
အခန်း (၁)
နှင်းငွေ့မပြယ်သေးသော နံနက်ခင်းသည် စေတီတော်ရင်ပြင်ပေါ်၌ ဝေ့ဝဲထွေးယှက်ကာ ဖူးမျော်အုပ်မိုးလျက်.....။
သို့သော်.........။
ဘုရားဖူးလာ ပြည်သူလူထုကား..........။
အခန်း (၂)
"တီး..တော်... တီး..တော်... တီး..တော်..."
လူနာတင်ယာဉ်တစ်စီး အရေးပေါ်ဥသြများဆွဲ၍ လမ်းမပေါ် အပြင်းမောင်းနှင်နေသည်။
သို့သော်..........။
"သူ... အသက်မရှိတော့ဘူး"
အခန်း (၃)
"ယော - အကြင်သူသည်၊ အသန္တဿ - သူတော်မဟုတ်သော သူယုတ်ကို၊ ပိယော - ချစ်အပ်သည်၊ ဟောတိ - ဖြစ်၏၊ သန္တံ - သူတော်ကောင်းကို၊ ပိယော - ချစ်အပ်သည်ကို၊ န ကုရုတေ - မပြု၊ အ သတံ - မသူတော်တို့၏၊ ဓမ္မံ - တရားကိုသာလျှင်၊ ရောစေတိ - နှစ်သက်၏၊ တဿ - ထိုသူ၏၊ တံ - ထိုအမူအကျင့်သည်၊ ပရာဘဝတော - ပျက်စီးအံ့သည်၏၊ မုခံ - အကြောင်းတည်း။"
လောကနီတိ
အခန်း (၄)
"မောင်"
ဆာဟာရသဲကန္တာရ၌ မိုးတို့သည် သည်းထန်ကုန်၏။ အကာအကွယ်မရှိသော လွင်တီးခေါင်ပြင်၌ လျှပ်ပန်းလျှပ်နွယ်တို့သည် ဖြိုးဖြိုးဖျတ်ဖျတ် လင်းလက်ကုန်၏။ လွင့်ပြယ်နေသော ပန်းရနံ့တို့သည်လည်း ကျွန်တော်၏ရင်တွင်း၌ အနှောင်အဖွဲ့နှင့် ဖြစ်ကုန်၏။
သို့သော်........။
ကျွန်တော် ခဏတာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါသည်။
"အင်း... ပြောလေ ချစ်"
" အရမ်းချစ်တယ် မောင်ရယ်"
ကျွန်တော်၏ ကောင်းကင်အား အကြိမ်ကြိမ် လင်းလက်စေခဲ့သော စကားလေးတစ်ခွန်း။
ပြီးတော့........။
ကျွန်တော်၏ ကမ္ဘာတစ်ခြမ်းအား အကြိမ်ကြိမ် လောင်မီးကျစေခဲ့သော စကားလေးတစ်ခွန်း။
ပန်းကလေး ကျွန်တော် မရဲတရဲ နမ်းရှိုက်လိုက်မိပါသည်။ ပန်းကလေးက ရှက်နေသည်ထင်ရဲ့။ ဖူးနေရာကနေ ပွင့်မလာခဲ့ပေ။
ကျွန်တော်၏ ရင်၌ပွင့်သော ပန်းကလေးရဲ့ အမည်နာမက မာယာ။
ဖြစ်နိုင်လျှင် ကျွန်တော်၏ ကဗျာစာအုပ်ထဲ၌ မြတ်မြတ်နိုးနိုး စိုက်ပျိုးထားချင်ပါသည်။
အခန်း (၅)
"ဟဲ့.. ငါ့သူငယ်ချင်းတစ်ယောက်က နင်နဲ့ခင်ချင်လို့တဲ့ ငါ.. နင့်အကြောင်းတွေ ပြောပြလိုက်တော့ သူက စိတ်ဝင်စားနေတယ်"
သူမ၏ အမည်က သန္တာ။ ကျွန်တော်၏ ရှားရှားပါးပါး ဆိုးတူကောင်းဖက် သူငယ်ချင်းတစ်ဦး။ online ပေါ်၌ chating ထိုင်ရင်း ပြောဖြစ်ကြခြင်းဖြစ်သည်။
"အင်း... သဘောလေ မိတ်ဆက်ပေးပေါ့"
ကျွန်တော် ပေါ့ပျက်ပျက်ပင် ပြန်ပြောလိုက်ပါသည်။ထိုစဉ်က ကျွန်တော်ကိုယ်တိုင်ကလည်း ပေါ့ပေါ့ပါးပါးနေခဲ့သူတစ်ဦး။ ပေါ့ရွှတ်နေသော ပေါ့ဆိမ့်တစ်ခွက်ကို မော့သောက်လိုက်ပြီး မပေါ့မပါးနှင့် ကိုယ်ဝန်ဆောင်သည်တစ်ယောက် ဆိုင်ထဲဝင်လာတာကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ထပြန်ခဲ့လိုက်ပါသည်။(ဟဲ့.. သောက်ခွေး လက်ဖက်ရည်ဖိုး မရှင်းခဲ့ရသေးဘူးဟ)
ထိုမှတစ်ဆင့်.......။
ရက်မှ လ.......။
လမှ နှစ်သို့.......။
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေ၍။
တရွေ့ရွေ့.........။
တရွေ့ရွေ့........။
နှင်းငွေ့များဖုံးလွှမ်းနေသော ညအခါကာလမှာ အနှစ်နှစ်အလလ အိပ်မောကျနေခဲ့သော ကျွန်တော်၏ အချစ်သစ်ပင်လေးတစ်ပင် ပြန်လည်ရှင်သန် ပေါက်ရောက်ခဲ့ပါသည် ဆိုပါလျှင်.......။
သစ်ရွက်လေးတစ်ရွက်ပေါ်မှ နှင်းခါးဝိုင်တစ်စက်က မြတ်နိုးမိသူ ရင်အစုံသို့ ရှတတ ထိုးခွဲကျဆင်းသွားသည်။
"အရမ်းချစ်တယ် မာယာရယ်......"
အခန်း (၆)
Strike I my lute, be tunes the strings,. He music plays if so i sing,. He lands me every lovely shings;. Yet cruel he my heart.....? ......sting,. Whist, wanton, still yet;
[ Thomas Lodge, 1558 - 1625 ]
ငါ့ရဲ့ဗျက်စောင်းကို တို့ထိ ကြိုးမျှင်တွေကို အသံညှိလို့ ငါ သီချင်းညည်းရင် သူက သံစဉ်တွေတီးခတ် အဲ့သလို ချစ်ခြင်းဖွဲ့အရာရာ မင်းပေးခဲ့တာပါ။ဒါပေမယ့် ငါ့နှလုံးသားကို အဆိပ်ဆူးနဲ့ ရက်ရက်စက်စက်ထိုးသွားခဲ့တာ မင်းပဲမဟုတ်လား.......။
ချစ်လားလို့မေးရင် ကျွန်တော် မချစ်ခဲ့ဘူးလို့ပဲ ပြန်ဖြေမိမှာပါ။သို့သော် မြတ်နိုးခဲ့မိပါသည်။ပြီးတော့ ကြင်နာခဲ့ကြပါသည်။ဒီဇင်ဘာရဲ့ ချမ်းအေးတဲ့ မြူနှင်းမှုန်တွေကြား တစ်ဦးကိုတစ်ဦး မေတ္တာငွေ့နဲ့ ထွေးပွေ့ခဲ့ကြပါသည်။ကျွန်တော် သူမကို အရာအားလုံးထက်ပိုပြီး မချစ်ရဲခဲ့ပါ။
သို့သော်.........။
ကျွန်တော် သူမကို အရာအားလုံးထက်ပိုပြီး ချစ်ခဲ့မိပါသည်။
ထို့ကြောင့်....... ကျွန်တော်သည်.......။
အရာအားလုံးထက် ပိုပြီး........။
"ချစ် မောင်တို့ မိဘတွေကိုဖွင့်ပြောပြီး စေ့စပ်ထားကြရအောင်နော် နောက်ကျမှ လက်ထပ်ဖို့ စီစဉ်ကြတာပေါ့"
ကျွန်တော်မြတ်နိုးသော ပန်းကလေးအား ရေလောင်းပေါင်သင်ပေးခဲ့ပါသည်။
"မောင်"
မြတ်စွာဘုရား!။ကျွန်တော်ရင်မောသွားမိတာ အမှန်ပါ။ကျွန်တော်၏ အကိုလိုခင်မင်ရသော ကဗျာဆရာမှူးဝေ၏ ကဗျာတစ်ပုဒ်မှ စာသားအချို့ကို သွားသတိရမိလိုက်သည်။
"အကြိမ်ကြိမ် ဖူးပွင့်ပြလည်း ကြွေကျခံရတဲ့ မာတိကာလို"
ကျွန်တော် အမြတ်တနိုး စီထပ်ထားမိပါသည်။
"ချစ်တို့အတွက် အချိန်က စောလွန်းနေသေးတယ်လေ မောင်ရဲ့ ချစ်တို့ ပိုက်ဆံကို အရင်ရှာဖွေစုဆောင်းထားမှ တော်ကာကျမှာလေ ဘဝအတွက် အဆင်သင့်မဖြစ်သေးပဲ ရှေ့ရေးကို မစဉ်းစားချင်သေးဘူးမောင်"
"ဪ.... ချစ်ရယ်"
"အခု မောင့်မှာ အလုပ်အကိုင် အတည်တကျမရှိသေးဘူးလေ မောင်ရဲ့ ချစ်ဖြစ်စေချင်တာက မောင် အလုပ်ကို အတည်တကျ စွဲစွဲမြဲမြဲလုပ်စေချင်တယ် အလုပ်အကိုင်အတည်တကျရှိမှ ချစ်တို့ရှေ့ရေးအတွက် စုဆောင်းထားနိုင်မှာလေမောင် ငွေမရှိပဲနဲ့တော့ သာယာတဲ့အိမ်ထောင်ရေးကို မဖန်တီးနိုင်ဘူးမောင်"
နှလုံးသားရပ်ဝန်းထဲ၌ အက်စစ်မိုးတွေ သည်းထန်စွာ ရွာသွန်းနေချေပြီ။
"ချစ်မောင့်ကို ယုံကြည်မှုမထားနိုင်ဘူးလား အခု မောင့်မှာ အလုပ်အကိုင်မရှိသေးဘူး မှန်တယ် ဒါကို မောင် ဝန်ခံတယ် ဒါပေမယ့် မောင့်မှာ ပညာတွေတက်တယ် ကျန်တဲ့ အတက်ပညာတွေကိုလည်း မောင် ကြိုးစားသင်ယူနေတယ် အခုချိန်မှာ မောင့်အတွက် အလုပ်အကိုင်က အဓိကမကျသေးဘူးချစ် အတက်ပညာတွေတက်မြောက်ထားတဲ့ လူတစ်ယောက်မှာ ပိုက်ဆံဆိုတာ မရှားပါဘူးချစ် သူ့အလိုလို ကပ်ပါလာမှာပါ"
"ဒါကတော့ မောင့်ရဲ့ ခံယူချက်ပါ ချစ်ကတော့ ပိုက်ဆံအရင်ရှာစေချင်တယ် လက်ထပ်ပြီးမှ ကလေးတွဲလောင်းနဲ့ ဒုက္ခပင်လယ်ဝေရမယ့်အဖြစ်မျိုး ချစ် မလိုချင်ဘူးမောင်"
ကျုံးရေပြင်က ငြိမ်သက်တိတ်ဆိတ်နေသည်။နှင်းငွေ့ပြယ်၍ နေခြည်ထွန်းလာသော ကျုံးမြို့ရိုးကြီးခမြာလည်း ချွေးသံတရွှဲရွှဲနှင့်ရယ်လေ။ခုံတန်းကလေးတွေကလည်း သူနှင့်မဆိုင်သလိုပင်။အဝေးသို့ မျှော်ကြည့်လိုက်တော့ လည်ပြန်ငေးသွားသော ငှက်မောင်နှံကို တွေ့လိုက်ရသည်။ဪ ကိုယ့်ဒုက္ခ သူမှမသိရှာပဲကိုး။
တကယ်တော့ အမှန်တရားအတွက် အဆိပ်ခွက်ကို ရဲရဲဝံ့ဝံ့မော့သောက်သွားခဲ့သည့် ဆော့ခရေတ္တိ(ဆိုကရေးတီ)က မရူးခဲ့ပေ။အမှန်တရားအတွက် စွန့်လွှတ်ခဲ့ခြင်းပင် ဖြစ်သည်။ဗင်ဂိုးသည်လည်း ချစ်မြတ်နိုးသောသူအတွက် နားရွက်တစ်ဖက် စွန့်လွှတ်ခဲ့သည်။
ဒါဆို.......။
ကျွန်တော်ကရော.......။
သိပ္ပါ သိပ္ပေန - အတက်နှင့်၊ သမံ - တူသော၊ ဓနံ - ဥစ္စာသည်၊ နတ္ထိ - မရှိ။
လောကနီတိ(ပဏ္ဍိတ ကဏ္ဍ)
ကျွန်တော့်ရဲ့စိတ်တွေ လေးလံ၍ နေသည်။
ငွေကြေးဥစ္စာအတွက်သက်သက် အိမ်ထောင်ပြုခြင်းက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။
(ဘားနဒ်ရှော့)
အချစ်သည် ငွေရဲ့ကျေးကျွန်လား?
သို့တည်းမဟုတ်...........
ငွေသည် အချစ်ကို မွေးဖွားပေးခဲ့လေသလား?
ကျွန်တော် ခေါင်းတွေ ချာချာလည်နေခဲ့ပြီ။ကျွန်တော့်ရဲ့ ညသည်လည်း အရင်ထက်ပို၍ မှောင်မိုက်နေသလိုပင်။လေထဲမှာ လွင့်မျောစပြုနေသည့် အိပ်မက်အချို့ကို လက်နှင့် လိုက်လံဖမ်းယူကြည့်မိသည်။
သို့သော်...... မျက်ရည်တစ်စက်က ပေါက်ကနဲ။
ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်။မိမိ၏ဆုံးဖြတ်ချက် မှန်သည်မှားသည်ဆိုတာကတော့ မိမိ၏ စွမ်းဆောင်ရည်အပေါ်၌ မူတည်နေသည် မဟုတ်ပါလော.....။
ထို့အတူ........။
ကျွန်တော်၏ ဆုံးဖြတ်ချက်အပေါ်၌လည်း ကျွန်တော့်ကိုကျွန်တော် ဘယ်သောအခါမျှ နောင်တရနေမည် မဟုတ်ပါချေ။
ကျွန်တော် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ချေပြီ။
"ဝုန်း" (သောက်ကျိုးနဲ)
အခန်း (၇)
မိမိကိုယ်ကို ယုံကြည်ခြင်းဟာ သူရဲကောင်းပီသခြင်းရဲ့ အနှစ်သာရဖြစ်တယ်။
( အေဘရာဟင်လင်ကွန်း )
လောက၌ ငွေသည် မရှိမဖြစ်ဆိုသည်းကား မှန်သည်။သို့သော် အတက်ပညာမရှိပဲ ငွေရဖို့ရာ မဖြစ်နိုင်ပေ။
ကျွန်တော်သည် မိမိကိုယ်ကို ယုံကြည်ပါသည်။
ထို့ကြောင့်.........။
ကျွန်တော်သည် ရှေ့တူရှုသို့ ဆက်၍ လျှောက်လမ်းလိုက်ပါသည်။ကျွန်တော်လျှောက်ရမည့်လမ်းသည် ဖြောင့်ဖြူး၍ ကတ္တီပါကော်ဇောခင်းထား၍သော၎င်း၊ ကွေ့ကောက်ကြမ်းတမ်း၍ ဆူးပြွန်းသော ခရောင်းလမ်းဖြစ်နေလျှင်သော၎င်း ကျွန်တော် နောက်ဆုတ်မည်မဟုတ်ပါ။
ထို့နောက်........
ကျွန်တော်သည် မျက်လုံးအစုံအား မှိတ်လိုက်မိပါတော့သည်။
"မောင် "
"ပြောလေ ချစ်"
"မောင့်ကို အရမ်းချစ်တယ် ချစ် မောင်နဲ့ဝေးရမှာ အရမ်းကြောက်တာပဲ သိလား"
"မောင်လဲ ချစ်ကိုအရမ်းချစ်တာပေါ့ ဒါပေမယ့် မပြည့်စုံတဲ့ မောင့်ဘဝကို မောင်ရှက်မိတယ်"
"ချစ်က မောင့်ကိုပဲ ချစ်တာပဲ မောင့်ကိုချစ်နေရရင် ချစ်အတွက် ပြည့်စုံတယ် ကျန်တာ ဘာမှမလိုအပ်ပါဘူးမောင်ရယ် ဝမ်းနည်းစရာတွေ တွေးမနေပါနဲ့"
"ဒါပေမယ့်ပေါ့ ချစ်ရယ် မောင်တို့နှစ်ယောက်ကြား ကတိသစ္စာတရားတော့ ရှိမှဖြစ်မယ်ထင်တယ်"
"ဟင်... ဘာလဲ မောင်က ချစ်ကို မယုံဘူးလား..?"
"မဟုတ်ပါဘူး ချစ်ရယ် ကံတရားဆိုတာ ပြောလို့မရဖူးလေ ကံကြမ္မာဆိုတာ အနိမ့်အမြင့် အတက်အကျ အလှည့်အပြောင်း အချိုးအကွေ့တွေက ရှိစမြဲပဲလေ ချစ်ရဲ့"
"---------------"
"နောင်တစ်ချိန်ကျမှ ချစ်က မောင့်ကို စိတ်ပျက်ပြီး ထားသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဒါပေမယ့် သေချာတာတစ်ခု မောင်ပြောနိုင်တာက ချစ် မောင့်အနားမှာ မရှိတော့တဲ့အချိန် မောင်လည်း ဒီလူ့လောကကြီးထဲမှာ ရှိခြင်မှ ရှိမှာ.... မောင် အစွဲလမ်းကြီးတာကို ချစ်သိပါတယ်နော်"
"အင်းပါ..... မောင်ကလည်း စိတ်မကောင်းစရာတွေ ပြောမနေပါနဲ့တော့ ကဲပါ ချစ်မောင့်ကို ကတိပေးပါတယ် ဟောဒီက မာယာဆိုတဲ့ ကောင်မလေးက အရမ်းချစ်ရတဲ့ မောင့်ကို ဘယ်တော့မှ ထားမသွားပါဘူးလို့ ကတိပေးပါတယ်ရှင့် ဟုတ်ပြီလား ကဲ မောင် ကျေနပ်ပြီလား"
ကျွန်တော် မျက်လုံးကို ပြန်ဖွင့်လိုက်မိတော့ ကျွန်တော့်မျက်နှာပေါ၌ ပီတိအပြုံးတွေ လျှံကျလာခဲ့လေတော့သည်။
"အင်း......... ဘာပဲဖြစ်ဖြစ် ကျုံးမြို့ကြီးက သက်သေရှိပါတယ်လေ"
တစ်ကိုယ်ထဲ ရွေရွတ်၍ ဟန်းဖုန်းကို ထုတ်ကာ နံပါတ်တစ်ချို့အား နှိပ်လိုက်သည်။
"တူ................ တူ.................."
"ဟဲလို.... မောင်"
အခန်း (၈)
When my devotions could not pierce. The silet ears; then what my heart broken, as was my verse, my breast was full of fears and disorder.
[ George Herbert, 1593 - 1633 ]
ငါ့ရဲ့ နက်ရှိုင်းပြင်းပြတဲအချစ်တွေက မင်းရဲ့ တိတ်ဆိတ်ခြင်းနားတွေကို မထိုးဖောက်နိုင်တဲ့အခါ ငါ့ကဗျာတွေပြိုအက် ငါ့နှလုံးသားတွေကွဲကြေ ငါ့ရင်အုံဟာ ကစဥ့်ကလားနဲ့ ကြောက်ရွံ့ခြင်းတွေသာ ပြည့်နှက်သွားခဲ့တော့တယ်။
"မောင့်ကို အစွမ်းအစရှိတဲ့လူတစ်ယောက်လို့ ချစ်က ထင်နေခဲ့တာ အခုက တက်တက်စင်ကိုလွဲနေပါ့လား ဘယ်လိုဖြစ်တာလဲ မောင် ချစ်ခြင်းမေတ္တာတစ်ခုထဲနဲ့ သာယာတဲ့အိမ်ထောင်ရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ဘူးဆိုတာ မောင် မသိတာလား မသိခြင်ယောင်ဆောင်နေတာလားဟင်"
"ချစ်အတ္တတွေ အစွန်းရောက်နေပြီ ချစ်ပြောသလို လက်ထဲ စုမိဆောင်းမိရှိလာပြီပဲထားဦး ချစ်မျော်လင့်ထားသမျှ လွယ်လွယ်ကူကူဖြစ်လာလိမ့်မယ်လို့ ချစ်ကထင်နေတာလား"
"ချစ် မောင့်လက်ကိုသာ မြဲမြဲကိုင်ထားပါ ချစ်ကို အဆုံးအစွန်အထိ မောင် လိုက်ပို့ပေးလို့ရတယ်"
"မဖြစ်နိုင်ဘူး မောင်"
ကျွန်တော် ထိုလောက်နဲ့ပဲ ကျေနပ်လိုက်ပါသည်။ပြီးတော့ ကျွန်တော် နားလည်လိုက်ပါသည်။တစ်ချိန်က ကျွန်တော့်ကို သန္တာပြောခဲ့ဖူးသည့် စကားလေးအား ပြန်၍ သတိရမိလိုက်သည်။
"နင် မာယာ့ကို သတိထားပါ"
"ဘာလို့လဲဟ"
"ငါ မပြောချင်ဘူး ငါနင့်ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ သတိပေးထားတာပါ"
ထိုစဉ်အချိန်က သူမ ဘာအဓိပ္ပါယ်နှင့်ပြောသည်ဆိုတာကို ကျွန်တော် မသိခဲ့ပေ။သိပြန်တော့လည်း မယုံကြည်ခဲ့ပေ။
သို့သော် ကံတရားကား အပြောင်းအလဲ မြန်ဆန်လွန်းလှ၏။
တကယ်တော့ ကံကြမ္မာဆိုတာ သိပ်ကိုကျွမ်းကျင်လိမ္မာတဲ့ ပဉ္စလက်ပညာရှင် တစ်ယောက်လိုပါပဲ။ဘဝဆိုတဲ့အရာကလေးတွေကို သူ့စိတ် သူ့သဘောတစ်ခုထဲနဲ့ သွန်လိုသွန် မှောက်လို့မှောက် အဲ့ဒီ မျက်စိတစ်မှိတ် လျှပ်တပြက်ဆိုတဲ့ အချိန်တဒင်္ဂလေးအတွင်းမှာ အရာအားလုံး ဖြစ်/ပျက် ပြောင်းလဲသွားနိုင်တယ်ဆိုတာ ငါ မယုံချင်ခဲ့ပေမယ့် မျက်စိမှိတ် လက်ခံလိုက်ရလေပြီ။
( Boms. )
ကျွန်တော် လက်ခံလိုက်ရလေပြီ။
"မောင် ချစ်တို့နှစ်ယောက် စိတ်တူကိုယ်တူရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ချစ်တို့ လမ်းခွဲကြရအောင် ချစ်ကို မေ့လိုက်ပါတော့ မောင်"
Lonely sests my head.Oh my god!.I am death.
( Jose' Garcia Villa)
ငါ့ခေါင်းထဲမှာ အထီးကျန်ခြင်းတွေပဲ ကျန်ခဲ့တယ်။ဘုရားရေ...... ငါသေဆုံးသွားခဲ့ရပြီပဲ။
အခန်း (၉)
အချစ်ဆိုတာ လက်ဖဝါးပေါ်မှာရှိတဲ့ ပြဒါးလိုပါပဲ။လက်ဝါးဖြန့်ထားရင် ငြိမ်နေတယ်။ဆုပ်လိုက်တာနဲ့ လျှောထွက်ပြေးတော့တာပဲ။
စာရေးဆရာမ ဒေါ်ရသီပါကား
"နင် သူ့ကိုသတိထားပါ သူက မာယာများတယ်"
ကျွန်တော် ဘုရားရှင်အား ဦးတိုက်မိတော့ မျက်ရည်တွေက စီးကျလာသည်။သန္တာမနေ့ကပြောခဲ့သည့်စကားတွေက သူ့အလိုလို နားထဲ ပြန်ကြားယောင်လာသည်။
"သူက သွေးအေးသလောက် အဆိပ်ပြင်းတယ်"
"ငါ နင့်ကို သတိပေးမလို့လုပ်တော့ နင်နဲ့သူနဲ့က ရည်းစားတွေတောင် ဖြစ်သွားပြီလေ"
ကျွန်တော် သစ္စာစကားအချို့အား တိုင်တည်ရွတ်ဆိုလိုက်သည်။
"---------------------"
ထိုစဉ်...........။
မျက်လုံးအစုံမှာ ပြာဝေ၍ မိုက်ကနဲဖြစ်သွားလေတော့သည်။
ထို့နောက်တွင်တော့..............။
အခန်း (၁၀)
အမြဲကြောက်လန့်နေရခြင်းထက် တစ်ခါထဲ သေဆုံးသွားခြင်းက ပိုကောင်းတယ်။
အီစွတ်
"သူမ ကျေနပ်နေမှာပါ ကျွန်တော် သူမနဲ့အတူ အရာအားလုံးကို ကျောခိုင်းပြီး ထွက်သွားခဲ့ပါပြီ မေတ္တာတရားတွေ မရှိတဲ့နေရာ သစ္စာတရားတွေ ကင်းမဲ့တဲ့နေရာ ပြီးတော့ အရာအားလုံး ဆိတ်သုဉ်းကင်းမဲ့တဲ့နေရာမှာ ကျွန်တော် ရှိနေပါတယ် ရေအလျှင်နဲ့အတူ ကျွန်တော် စီးဆင်းနေပါတယ်"
"ကျွန်တော် ငိုနေပါတယ်
ကျွန်တော် ပျော်နေပါတယ်
ပြီးတော့
ကျွန်တော်
သူမကို
စောင့်မျှော်နေပါတယ်"
အုတ်ဂူလေးတစ်လုံးပေါ်၌ ရွက်ကြွေတို့သည် ပြန့်ကြဲလျှက်......။
ပင်ယံထိပ်ဖျားဆီက လွမ်းမောဖွယ်ရာ ဥသြငှက်တို့၏ တေးသံတို့ကား နွေဦးကို ပို၍ အထီးကျန်စေသယောင်ယောင်......။
ထိုအုတ်ဂူလေးအတွင်း၌ အပူအပင်ကင်းမဲ့စွာ အိပ်စက်လဲလျောင်းနေသူမှာ...........။
အခန်း (၁၁)
ကမ္ဘာပေါ်တွင် အချစ်ကြီးခဲ့သဖြင့် မာယာသင့်ကာ ဘဝပါစတေးခဲ့ရသူတစ်ဦး ဤကမ္ဘာလောက၌ မထင်မရှား ရှိခဲ့ဖူးပါသည်။
ထိုသူ၏ အမည်သည်.............။
ဘဝရဲ့ နောက်ဆုံးအချိန်များ
💔💔💔💔💔💔💔💔💔 [ Kသာမိုး(မန်းမြေ) ]
ဘဝရဲ့ နောက်ဆုံးအချိန်များ
အဖန်တလဲလဲ အက်ရှနေတဲ့
စိတ်ရဲ့ ပဲ့တင်သံတွေ။
မြင့်မိုရ်တောင်နဲ့ နှမ်းစေ့တမျှ
ချစ်ခြင်းကို မျိုသိပ်မိတိုင်း
ရွက်ကြွေလမ်းကို တမ်းတမိအံ့။
ချစ်ခြင်းဖွဲ့တေးတစ်ပုဒ် သီကြွေးတိုင်း
သံစဉ်တွေ ထွက်သက်ကင်းမဲ့
သူမ မကြားလိုက်ရတဲ့အသံဟာ
ညအခါ လပမာသာပေချိမ့်။
သူမမရှိတဲ့ကမ္ဘာ
ငါ့ကဗျာ ဘဝခါးမှာသာပါစေ။
သူမမရှိတဲ့ကဗျာ
ငါ့ကမ္ဘာ သူမအနားသာ
ကြွေပါစေ။
စကားလုံးမဲ့ လွမ်းချင်းကို
မျက်ဝန်းနဲ့ အဖန်တလဲလဲပုတ်ခပ်
လက်ဖျံရိုးမှာ မင်းနာမည်တွေစိုရွှဲလို့။
ငါ လွတ်မြောက်ပါရစေတော့။
ဝေးကွာခြင်းကို နှုတ်ခမ်းဖျားမှာတပ်
အမှတ်တရတွေ ရှိုက်ယူမိတိုင်း
တိုတောင်းလာတဲ့ ဘဝရဲ့အပိုင်းအခြား။
ငါ နင့်ကိုမလွမ်းရဘူး။
ငါ နင့်ကိုမလွမ်းသင့်ဘူး။
အယ်ကိုလ်ဟောထဲမှာ
သူမမျက်နှာကိုစိမ်ရင်း
ငါ....
ရူးတက်နေပြီ။
ကြွေပါစေတော့....
ကြွေပါစေလေ။
နင့်ကိုလွမ်းတိုင်း ကြွေတဲ့မျက်ရည်
နင့်အနားမှာသာ ပန်းလိုဝေပါစေ။
ငါ့ရဲ့ နောက်ဆုံးထွက်သက်
နင့်စိတ်နဲ့ ရှို့တဲ့ ငါ့အရိုးပြာ
နောက်ဘဝ နင့်အနားမှာသာ
ဝေပါစေလေ။
Kသာမိုး(မန်းမြေ)
နိဂုံး
ချစ်ခင်စုံမက်၊ နှစ်သက်ဖွယ်ဟူသ၍နဲ့
နောက်ဆုံးမှာ ကွေကွင်းရမှာပဲလို့
ငါ ပြောပေါင်းများလှပြီ အာနန္ဒာ
မြဲတယ်ဆိုတာ မရှိဘူး။
မဟာပရိနိဗ္ဗာနသုတ်
ပြီးပါပြီ။
စာကြွင်း။ ။စာဖတ်သူတို့ရင်တွင်း၌ တစ်ခုခုကျန်ခဲ့မည်ဆိုပါလျှင် ကျွန်ုပ် ပင်ပန်းကြီးစွာ ဖန်တီးရကျိုး နပ်ပေပြီ။
ကြိုးစားပါဦးမည်။
လေးစားစွာဖြင့်
Kသာမိုး(မန်းမြေ)
6/1/2K19
No comments:
Post a Comment