* အနီရောင် မြို့ရိုးကြီးထဲမှာ *
__________________Kသာမိုး(မန်းမြေ)
အနီရောင် မြို့ရိုးကြီးရဲ့ရှေ့မှာ
အပေအတေတွေဝတ်ဆင်ထားတဲ့ တေလေတချို့
မျက်နှာတွေက အဆီတစ်ထပ် အသားတစ်ထပ်
လွတ်လပ်ခြင်းကို ကစော်တွေစွတ်ပြီး
သရဲတဘက်ဆန်ဆန် လွင့်ပါးနေကြရဲ့။
မန္တလေးဟာ ဝပ်ကျင်းထဲကဗုံးတွေလို
မန္တလေးဟာ အစွယ်တွေထွက်နေတဲ့ တက်တူးတွေလို
မန္တလေးဟာ မြို့ရိုးတွေလို နီရဲ…လို့။
ညတွေမှာ ဆေးလိပ်တွေကို ပြာချပြီး
မျက်လုံးတွေကို ရဲနေအောင်ဖွာခဲ့ကြ။
အပြာရောင် မီးပန်းတွေကို ပုလင်းတွေထဲထည့်ပြီး
ဂျစ်ပစီတေးသွားတွေနဲ့
မိန်းလမ်းတစ်လျှောက် နီရဲနေအောင် ကခုန်ခဲ့ကြ။
ငါတို့ရဲ့မျက်လုံးတွေဟာ မပျက်စီးပဲ ဖျက်စီးခံခဲ့ကြ။
ငါတို့ရဲ့ ရင်ဘတ်တွေဟာ အနီရောင်မြို့ရိုးကြီးလို
ဓါးခုတ်ရာတွေနဲ့ သွေးအလိမ်းလိမ်းစွန်းထင်းခဲ့ကြ။
ရေသောက်မြစ်တွေ ခုတ်ဖျတ်ခံလိုက်ရတဲ့မန္တလေးဟာ
အခုထိ နလံမထူနိုင်တော့။
ငါ မြင်ခဲ့ရတယ်
ငါ တွေ့နေရတယ်။
ငိုနေတဲ့ ကျုံးရေတွေ။
Kသာမိုး(မန်းမြေ)
10/10/2K19