တမလွန်သို့ ရေးတဲ့စာ...
~~~~~~~~~~~~~~~ MC ကာရံလေး
ရှိုက်သံပြည့်နေတဲ့ လကွယ်ညဟာ
ငါပါ....
သံယောဇဉ်ကြိုးကို လွန်းတင်ခဲ့ပြီးမှ
တိကခနဲ ဖြတ်ပစ်လိုက်တာဟာ
ငါတို့အတွက် နိဂုံးတဲ့လား...
ခြေရာတွေ ငေးကြည့်မိတော့
သစ်ရွက်ကြွေတွေနဲ့...
နွေနေ့ခင်းရဲ့ ပူလောင်တဲ့တေးသွားတွေကြား
ဥသြတွန်သံလည်း မကြားရတော့တာ
နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ.....
လွမ်းရိပ်ဝေ ဆည်းဆာကိုတမ်းတမိတော့
''ကိုကို'' ဆိုတဲ့ ခေါ်သံလေးက
မနေ့ကအတိုင်းပဲ...
နားစည်မှာ ပဲ့တင်လို့....
နင်.....
ပြန်လာချိန်လေးကို လက်ချိုးရေရင်း
တောင်သမန်ကို မငေးဖြစ်တာ
အတော်ကြာပြီ.....
''ကို...ပျော်ရဲ့လားဟင်''
လေတိုးသံတွေကြား ၀ိုးတ၀ါးကြားယောင်နေတဲ့အသံတွေ
နားစွင့်ရင်း
နာကျင်နေပေမယ့်
ငါ ပြုံးမိသေးတယ်....
ညညဆိုရင်
ဖုန်းလေးဆက်ပြီး ချွဲနွဲ့တက်တဲ့
နင့်အသံလေး မကြားရတာ
ဒီနေ့နဲ့ဆိုရင် ငါးနှစ်တိတိ
အခုဆို
ငါ့အိပ်ခန်းလဲ ရှုပ်ပွနေပြီ...
နင့်ကိုလွမ်းလို့ ရေးထားတဲ့ကဗျာတွေလဲ
ငါ့အနား ပြန့်ကျဲနေပြီ...
ရင်ဘတ်ပေါ်က အရှိုးရာတွေကလဲ
နာကျင်နေပြီ...
ငါတို့ထိုင်နေကြ တမာတန်းကအအေးဆိုင်လေးလဲ
ခုဆို လူသူကင်းမဲ့
ခြောက်ကပ်နေပြီ...
ဝရံတာက ညတွေလဲ
အသက်မဲ့သွားပြီ...
နွေကြို နေ့လည်ခင်းရဲ့
သစ်ပင်ရိပ်ကလေးကလဲ
ငါ့အတွက် အဖော်မဲ့...
ငါ့ပါးပြင်မှာ နင့်နှုတ်ခမ်းနီရာတွေမရှိတော့ဘူး...
လေပြည်နဲ့ ရောပါလာတဲ့ကိုယ်သင်းနံ့လေးတွေလဲ
အခုဆို လွှင့်ပြယ်သွားပြီ...
အသံမဲ့ နာကျင်မှုတွေကြား
လွင့်မျောသွားတဲ့ ပုဝါစလေး
နင် ပြန်လာလေသလား...
နင် ပြန်လာပါ့မလား....
နင် ပြန်လာနိုင်မလား...
နောက်ဆုံး စက္ကန့်လေးထဲ
ပြာနှမ်းနေတဲ့ နှုတ်ခမ်းလေးကိုငေးကြည့်
တုန်ယင်နေတဲ့ လက်အစုံက
အလိုလိုရူးသွပ်မိသွားတယ်...
မနက်တိုင်း သောက်နေကျ
ကော်ဖီခွက်တွေ အေးစက်နေပြီ....
အသက်မဲ့သွားတဲ့ နာရီတွေကိုငေးရင်း
ငါ့ ရင်ဘတ်ကတော့
ငိုလို့ ကောင်းတုန်းပဲ....
ဟောဒီ ရင်ဘတ်ကြီးထဲ
တဆစ်ဆစ်နဲ့ နာကျင်နေသမျှ......
နင်
တစ်နေ့...
ငါ့ဆီ ပြန်လာပါ....
MC ကာရံလေး
15.3.2018 (THU) 12:40 PM
http://mckaryanlayy.blogspot.com
(တမလွန်မှ နင် ကြားနိုင်ပါစေဟာ...)
No comments:
Post a Comment